အင်တာနက်အသုံးပြုသူအများစုဟာ ကလစ်တစ်ချက်လုပ်လိုက်တိုင်း နောက်ကွယ်ကနေ အချက်အလက်ရယူတာမျိုးနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ ဒါဟာ ကြောက်ဖို့ကောင်းတဲ့အန္တရာယ်မဟုတ်ပေမယ့် အမြတ်ထုတ်ခံရတာမျိုးပါ။ အကြောင်းက အသုံးပြုသူရဲ့ အမူအကျင့်နဲ့ အလေ့အထတွေ၊ အချက်အလက်တွေဟာ အရောင်းအဝယ်ဖြစ်တာကြောင့်ပါပဲ။

ဒါကြောင့် အသုံးပြုသူတွေဟာ သူတို့ရဲ့အချက်အလက်တွေကို ကာကွယ်ဖို့လိုအပ်လာပါတယ်။ ဒီလိုအပ်ချက်ကိုဖြေရှင်းဖို့ VPN (Virtual Private Network) ကို ဖန်တီးလာကြပါတယ်။ VPN ကတော့ အခြေခံအားဖြင့် အင်တာနက်ရဲ့ပြင်ပမှာရှိတဲ့ Network System လို့ ပြောရမယ်ထင်ပါတယ်။ Web ကို Surfing လုပ်နေချိန်မှာ Extra security နဲ့ Encryption Measure တွေနဲ့ အသုံးပြုသူရဲ့ အချက်အလက်နဲ့ Identity ကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အမူအကျင့်နဲ့ အလေ့အထတွေ၊ အချက်အလက်တွေကို ကာကွယ်ဖို့အတွက် VPN သုံးမယ်ဆိုရင် ထိုက်သင့်တဲ့ အခကြေးငွေတော့ ပေးရပါတယ်။ ဥပမာ နာမည်ကြီး NordVPN ဆိုရင် တစ်လကို $3.5 ဝန်းကျင်လောက် ပေးရပါမယ်။ ဒါပေမယ့် အခမဲ့ စမ်းသပ်အသုံးပြုနိုင်တာတွေလည်း ရှိပါတယ်။
VPN သုံးရင် ဘာကောင်းသလဲဆိုတဲ့မေးခွန်းအတွက် အနီးစပ်ဆုံးအဖြေကို အချက် ၅ ချက်နဲ့ ဖော်ပြချင်ပါတယ်။

၁ အချက်က File Sharing လုပ်တဲ့အခါ အချက်အလက်တွေ အခိုးခံရတာ၊ ဖော်ထုတ်ခံရတာမျိုးတွေက ကာကွယ်နိုင်ပါတယ်။
၂ အချက်ကတော့ VPN ဟာ Actual network ဖြစ်တဲ့အတွက် Remote Access လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေကို ရုံးပြင်ပကနေ အလုပ်လုပ်ခွင့်ပြုတဲ့အခါ VPN သုံးတဲ့အတွက် ဒေတာနဲ့ သတင်းအချက်အလက်တွေကို ကာကွယ်နိုင်ပါတယ်။

၃ ကတော့ Anonymity ပါ။ ကိုယ်ဘယ်သူလဲဆိုတာ မသိအောင် အမည်ကို လျှို့ဝှက်ထားနိုင်တာပါ။ ဘယ်သူမှန်းမသိအောင် ဖုံးကွယ်တာက အချို့ကိစ္စတွေမှာ ပြဿနာဆိုပေမယ့်၊ လိမ်လည်သူတွေ၊ အချက်အလက်ခိုးယူလိုသူတွေက နောက်ယောင်ခံလိုက်တာမျိုးကိုတော့ ကာကွယ်ပေးနိုင်တာ အမှန်ပါပဲ။ ယေဘုယျအားဖြင့်ပြောရရင် တချို့ဝက်ဘ်ဆိုက်တွေကို ဝင်မိချိန်မှာ ကိုယ့်ရဲ့အချက်အလက်တွေကို ကိုယ်မသိဘဲခိုးယူခံရပြီး၊ နောက်တော့မှ ဘယ်ကမှန်းမသိတဲ့ Mail တွေကိုယ့်ဆီဝင်လာတာမျိုး မဖြစ်အောင် ကာကွယ်နိုင်တာမျိုးပါ။

၄ ကတော့ Blockers နဲ့ Filters တွေကို ကျော်လွှားနိုင်တာပါ။ ဒီအချက်ကိုတော့ လူသိများမယ်ထင်ပါတယ်။ အင်တာနက်ဆင်ဆာလုပ်ထားတာ၊ ဝက်ဘ်ဆိုက်တွေပိတ်ထားတာ၊ Internet filters ခံထားတာတွေကို ကျော်လွှားနိုင်တာပါ။

၅ ကတော့ လုံခြုံစိတ်ချရမှုပါ။ အွန်လိုင်းလုံခြုံရေးလို့ဆိုရပါမယ်။ တစ်နည်းအားဖြင့် အသုံးပြုသူရဲ့ IP address, တည်နေရာ၊ Passwords နဲ့ အချက်အလက်တွေကို ခိုးယူခြင်း ကနေကာကွယ်နိုင်တာပါ။ တစ်နည်းအားဖြင့် Hacker တွေ၊ နည်းပညာကုမ္ပဏီကြီးတွေက အသုံးချသွားတာမျိုးကနေ ကာကွယ်နိုင်တာပဲ ဖြစ်ပါတယ်။ VPN ကို သုံးထားရင် ISP (Internet Service Provider) ကတောင်မှ သင်ဘာတွေလုပ်နေလဲဆိုတာကို မြင်နိုင်မှာမဟုတ်ပါဘူး။ သူတို့အနေနဲ့ VPN server က Encrypted statistics တွေကိုပဲ ရမှာဖြစ်ပါတယ်။

Ref: Man of Many