Apple ဟာ အခုနောက်ပိုင်းမှာ iPhone ထုတ်လုပ်မှုတွေကို တရုတ်နိုင်ငံပြင်ပဆီ တဖြည်းဖြည်းရွေ့ပြောင်းနေပြီဖြစ်ပါတယ်။ ဒါကလည်း လက်ရှိအချိန်မှာ တရုတ်နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ COVID Lockdown တွေကြောင့် Foxconn အပါအဝင် စက်ရုံတွေပိတ်ထားရတဲ့အတွက် iPhone ထုတ်လုပ်မှုတွေ နှောင့်နှေးနေတာကြောင့် အခုလို တခြားနိုင်ငံတွေဆီမှာပြောင်းလဲထုတ်လုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း Apple CEO Tim Cook ကိုယ်တိုင်က လာမယ့် ၂၀၂၄ ခုနှစ်ကစတင်ပြီး Apple Device တချိူ့မှာ US နိုင်ငံထုတ် Chipset တွေ အသုံးပြုသွားမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ အခုလည်း South China Morning Post မီဒီယာကနေ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

ဒါကတော့ Apple ဟာ လာမယ့် ၂၀၂၇ ခုနှစ်မှာစတင်ပြီး iPhone ထုတ်လုပ်မှုတွေရဲ့ ၅၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံမှာ ပြောင်းလဲထုတ်လုပ်ဖို့ စီစဥ်ထားတယ်ဆိုပြီး ဖော်ပြလိုက်တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံအတွင်း iPhone ထုတ်လုပ်မှုတွေဟာ စုစုပေါင်း iPhone ထုတ်လုပ်မှုတွေရဲ့ ၅ ရာခိုင်နှုန်းပဲရှိသေးတာကြောင့် ၄ နှစ်အတွင်း ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာမယ်ဆိုတာက တကယ်ဖြစ်လာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Apple ဟာ လာမယ့် iPhone 15 Series ဖုန်းတွေကို တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံမှာ စတင်ပြီးဆက်တိုက်ထုတ်လုပ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ တရုတ်နိုင်ငံတွင်းထုတ်လုပ်မှုကို တဖြည်းဖြည်းလျော့ချသွားဖွယ်ရှိနေပါတယ်။ iPhone တွေလိုမျိုးပဲ AirPods နဲ့ MacBook ထုတ်လုပ်မှုတွေကိုလည်း ဗီယက်နမ်နိုင်ငံမှာ ပိုမိုတိုးချဲ့ထုတ်လုပ်နေပြီဖြစ်ပါတယ်။

Ref – GSM Arena