4G ကနေ 5G မျိုးဆက်ကို ပြောင်းလဲတဲ့အခါ တရုတ်နိုင်ငံဟာ အတော်လေးကို အားစိုက်ပြီး ရှေ့ရောက်အောင် ကြိုးပမ်းနိုင်တာကို တွေ့ရမှာပါ။ အလားတူပဲ တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်မှုလုပ်ငန်းကြီးတွေကလည်း 5G ကွန်ရက်နဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ 5G စမတ်ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်နေကြတာကို မြင်တွေ့ရပါလိမ့်မယ်။

Vivo ရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ Chinese Operations ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ Liu Hong က Vivo အနေနဲ့ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီနှစ်ရောင်းအားဟာ ၁၀% တိုးတက်လာတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းလည်ပတ်မှုပိုင်းမှာ အနည်းငယ်နှောင့်နှေးခဲ့ပေမယ့် အခုအချိန်မှာတော့ စုစုပေါင်း လုပ်သားအင်အားရဲ့ ၈၀% ကျော်က လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်နေပြီဖြစ်တာကြောင့် ထုတ်လုပ်မှုလိုင်းဟာ ၉၀% ကျော် ဖြစ်လာပြီလို့ ဆိုပါတယ်။

Liu က ကုမ္ပဏီရဲ့ 5G စမတ်ဖုန်း ထုတ်လုပ်မှုဟာ မတ်လလယ်မှာ တစ်နေ့ကို ယူနစ်တစ်သိန်း ကျော်မယ်လို့လည်း အရိပ်အမြွက် ပြောပါသေးတယ်။ ဒါထက် ပိုပြီးစိတ်ဝင်စားစရာကောင်းတာက 5G စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းပိုင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ မှတ်ချက်စကားပါ။ Liu ကတော့ ဒီ ၂၀၂၀ ပြည့်နှစ်ရဲ့ စတုတ္ထသုံးလပတ်လောက်မှာ 5G စမတ်ဖုန်းတွေဟာ ၁၅၀၀ယွမ် (၂၁၄ဒေါ်လာ) ဝန်းကျင် ဈေးကျသွားမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ (မြန်မာငွေနဲ့ဆို ၃ သိန်းကျော်)

Vivo ဟာ ဒီနှစ်ထဲမှာ Vivo Z6, iQOO 3 နဲ့ Vivo NEX 3S တို့လို 5G စမတ်ဖုန်း သုံးမျိုးကို ထုတ်လုပ်ရောင်းချပြီးပြီ ဖြစ်ပါတယ်။ Liu ရဲ့အဆိုအရ အသုံးပြုသူတွေရဲ့ 5G စမတ်ဖုန်း ဝယ်လိုအားဟာ မျှော်မှန်းထားတာထက် ကျော်လွန်နေပြီး ထုတ်ကုန်တွေရဲ့ ရောင်းအားကလည်း မျှော်မှန်းထားတာထက် သိသိသာသာ ပိုများနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံတွင်းမှာ 4G ကနေ 5G ပြောင်းလဲမှုကလည်း အရှိန်မြင့်နေတယ်လို့ Liu က ပြောပါတယ်။ အထူးသဖြင့် 4G စမတ်ဖုန်းတွေဟာ ယွမ် ၂၀၀၀ ဝန်းကျင် (မြန်မာငွေ ၄သိန်းဝန်းကျင်) ဈေးတန်းမှာရှိနေရင် ဖိအားကင်းနေတယ်လို့ ဆိုပါတယ်။ အကြောင်းက 4G ဗားရှင်းထက် ဈေးအများကြီးမြင့်ရင်တောင် 5G ဗားရှင်းကိုပဲ ပိုပြီးနှစ်သက်ကြတာကြောင့် ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအတွင်း 5G တိုးတက်ပြောင်းလဲမှုက ပိုပြီးအရှိန်မြင့်လာမယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ အလားတူပဲ 5G စမတ်ဖုန်း ဝယ်လိုအားက တိုးလာမှဖြစ်သလို၊ ကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှုကလည်း လိုက်ပြီးတိုးလာမှာဖြစ်တာကြောင့် ဈေးကွက်တွင်း ပြိုင်ဆိုင်မှုလည်း များလာပြီး ဈေးနှုန်းလည်း ကျဆင်းလာမှာ သေချာနေပါတယ်။

Ref: Gizmochina