Xiaomi ဟာ အခုအချိန်မှာ Flagship စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Mid Range ဖုန်းတွေမှာပါ 5G ကို ရရှိအောင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုဆိုရင် Redmi K30 5G ဖုန်းဟာ တရုတ်ယွမ်ငွေ ၁,၉၉၉ (မြန်မာငွေ ၄ သိန်းဝန်းကျင်) နဲ့ စျေးအသက်သာဆုံး 5G ဖုန်းဖြစ်နေပါတယ်။

ဒါပေမယ့် Xiaomi က အခုထက် စျေးသက်သာတဲ့ 5G စမတ်ဖုန်းကို မိတ်ဆက်သွားဖို့ စီစဥ်နေပြီးတော့ အခုပေါက်ကြားလာခဲ့တဲ့ Internal Document အရဆိုရင် Xiaomi ကနေ တရုတ်ယွမ်ငွေ ၉၉၉ (မြန်မာငွေ ၂ သိန်းဝန်းကျင်) 5G ဖုန်းကို မိတ်ဆက်နိုင်ဖို့အထိ စီစဥ်ထားတယ်လို့ သိရပါတယ်။ မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရှိရသေးပေမယ့် ယခုနှစ်ကုန်ပိုင်းဝန်းကျင်မှာ မိတ်ဆက်လာဖို့များနေပါတယ်။

Xiaomi ဟာ လောလောဆယ်မှာ Mi 9 Pro 5G ၊ Mi 10 5G ၊ Mi 10 Pro 5G ၊ Redmi K30 5G ၊ Redmi K30 Pro 5G နဲ့ Redmi K30 Pro Zoom Edition ဆိုပြီး 5G ဖုန်း ၆ လုံးအထိ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ မကြာခင်မှာလည်း Redmi K30 ဖုန်းကို Camera ပိုင်းအနည်းငယ်လျော့ထားတဲ့ K30i 5G ဖုန်းကို မိတ်ဆက်လာမှာပါ။

အဆိုပါ Redmi K30i ဖုန်းက တရုတ်ယွမ်ငွေ ၁,၇၉၉ (မြန်မာငွေ ၃ သိန်း ၆ သောင်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပြီး နောက်ထပ် Redmi Note 9 5G စမတ်ဖုန်းကိုပါ MediaTek Dimensity 800 Chipset နဲ့ မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ရဲ့ CEO Lei Jun က ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းထဲက တရုတ်ယွမ်ငွေ ၁၀၀၀ အောက် 5G ဖုန်းကို ၂၀၂၀ အတွင်းမှာ မိတ်ဆက်မယ်လို့ ပြောကြားခဲ့ဖူးပြီး ကြည့်ရတာ အဆိုပါ စကားကို တကယ်အကောင်အထည်ဖော်သွားမယ့်ပုံစံပါပဲ။

Ref – Gizmo China