Apple မကြာခင်က ကြေညာထားတဲ့ iPhone 13 Series တွေမှာ လုပ်ဆောင်ချက်အသစ်တွေ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် အဲဒီအထဲက လုပ်ဆောင်ချက် တချို့ဟာ Android မှာ ရနေတာ နှစ်အနည်းငယ်ရှိနေပါပြီ။ အဲဒီ လုပ်ဆောင်ချက်တွေကို အောက်မှာ လေ့လာကြည့်ရအောင်။

၁။ High Refresh Rate Display

iPhone 13 Pro Series ရဲ့ အမိုက်စား လုပ်ဆောင်ချက် ၁ ခုက 120Hz ProMotion Display ဖြစ်ပြီး ဖုန်းသုံးရတာ ချောမွတ်စေဖို့နဲ့ ဘက်ထရီ သက်တမ်း ရှည်ကြာစေဖို့ Refresh Rate ကို 10Hz ကနေ 120Hz အတွင်း အလိုလို ပြောင်းပေးနိုင်ပါတယ်။

ဒါပေမယ့် Android ဖုန်းတွေမှာ ၂၀၁၉ ကတည်းက High Refresh Rate ပါလာပြီးသားပါ။ OnePlus 7T မှာ 90Hz ကို အဲဒီနှစ်မှာ စတင် မိတ်ဆက်ခဲ့ပြီး Samsung က ၂၀၂၀ မှာ 120Hz ပါတဲ့ Galaxy S20 Series ကို ချပြခဲ့ပါတယ်။ ၂၀၂၀ နှောင်းပိုင်းမှာ ထွက်ခဲ့တဲ့ Galaxy Note 20 Ultra ဟာ Dynamic Refresh Rate ထောက်ပံ့တဲ့ LTPO OLED Panel ပါတဲ့ ပထမဆုံး Android ဖုန်း ဖြစ်လာပါတယ်။ အဲဒီနောက်ပိုင်းမှာ OnePlus 9 Pro , OPPO Find X3 နဲ့ တခြား Android ဖုန်းတွေမှာ 120Hz LTPO Display တွေပါလာပါတယ်။

နောက်ထပ် အားနည်းချက်က Apple ဟာ ဒေါ်လာ ၉၉၉ တန် iPhone 13 Pro Series မှာပဲ 120Hz ProMotion Display ကို ထည့်ပေးထားတာပါ။ Android ဘက်ကို ကြည့်ရင် ဒေါ်လာ ၃၀၀ တန် စွမ်းရည်သင့် ဖုန်းတွေမှာတောင် 120Hz OLED Display ထည့်သွင်းထားတာပါ။

၂။ အရွယ်သေး Notch

၂၀၁၇ ထုတ် iPhone X ဟာ Notch တပ်ဆင်ထားတဲ့ ပထမဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်ပြီး အဲဒီနောက်ပိုင်း Android ဖုန်းတွေမှာ Notch လမ်းစဉ်ကို လိုက်ခဲ့ပါတယ်။

ဒါပေမယ့် iPhone 13 Series မှာ Apple ဟာ Notch ကို ၂၀ ရာခိုင်နှုန်းပဲ သေးငယ်အောင် ပြုလုပ်ထားနိုင်ပြီး Android Device တွေမှာ Notch ကို လုံးဝ ဖယ်ရှားထားနိုင်ပါပြီ။ Samsung ဟာ ၂၀၁၉ ထုတ် Galaxy S10 Series မှာ Notch ကို ဖြုတ်ချထားပြီး Punch Hole ဒီဇိုင်းကို မိတ်ဆက်ခဲ့ပါတယ်။ OnePlus က ၂၀၁၈ မှာကတည်းက စောစောစီးစီးပဲ Notch ကို ဖယ်ရှားထားပါတယ်။

၃။ 128GB Base Storage

Apple ဟာ iPhone 13 နဲ့ 13 mini မှာ Base Storage ကို 128GB အထိ တိုးမြှင့်ပေးလိုက်ပါတယ်။ ဒါပေမယ့် Android Device တွေမှာ အဲဒီ 128GB Base Storage ကို သုံးနေတာ နှစ်အနည်းငယ်ကြာနေပါပြီ။

Samsung ဟာ ၂၀၁၉ ကတည်းက စွမ်းရည်မြင့် Galaxy S Device တွေမှာ အနည်းဆုံး 128GB Base Storage ကို သုံးခဲ့တာပါ။ OnePlus ကလည်း ၂၀၁၈ ထုတ် OnePlus 6T မှာ 128GB Base Storage ထည့်သွင်းပေးခဲ့တာပါ။

Apple ရဲ့ အားသာချက် ၁ ခုက iPhone 13 Pro Series မှာ 1TB Storage အထိ ထည့်ပေးထားတာ ဖြစ်ပြီး နာမည်ကြီး စွမ်းရည်မြင့် Android ဖုန်းတချိူ့မှာတောင် မရသေးပါဘူး။

၄။ 3x Telephoto Zoom

iPhone 13 Pro နဲ့ 13 Pro Max မှာ 3x Optical Zoom ထောက်ပံ့တဲ့ Telephoto ကင်မရာ အသစ် ပါလာပါတယ်။ iPhone 12 Pro Max ရဲ့ 2.5x Zoom ထက် တိုးတက်လာတာပါ။ ဒါပေမယ့် Android ဖုန်းတွေမှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတည်းက 5-10x Optical Zoom ကို ထောက်ပံ့ပေးထားတာပါ။

၂၀၁၈ ထုတ် Huawei Mate 20 Pro ဟာ 3x Optical Zoom ပါတဲ့ ပထမဆုံး Android ဖုန်း ဖြစ်ပါတယ်။ အဲဒီနောက် Samsung , Huawei နဲ့ OPPO တို့ဟာ စွမ်းရည်မြင့် ဖုန်းတွေမှာ Periscope Telephoto ကင်မရာတွေ ထည့်သွင်းပေးခဲ့ပြီး 10x Optical ကနေ 30-100x Digital Zoom အထိ ထောက်ပံ့ပါတယ်။

ဒါတင်မကသေးပါဘူး။ Apple ဟာ iPhone 13 Pro ရဲ့ Telephoto ကင်မရာမှာ Night Mode ထည့်ပေးထားပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို Android Device တွေမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ရနေပြီးသားပါ။ Samsung ဟာ ၂၀၁၉ ထုတ် Galaxy S9 နဲ့ Note 9 မှာ Night Mode ထည့်ပေးခဲ့ပါတယ်။

၅။ Macro ကင်မရာ

iPhone 13 Pro နဲ့ Pro Max ရဲ့ 12MP Ultrawide ကင်မရာမှာ အနိမ့်ဆုံး Focusing Distance က 2cm ဖြစ်ပါတယ်။ သဘောက Ultrawide ကင်မရာက Macro Shot တွေကို ရိုက်ကူးနိုင်ပါတယ်။

ဒေါ်လာ ၃၀၀ နဲ့အောက် Android Device တွေမှာ အဲဒီ လုပ်ဆောင်ချက် ရနေတာ နှစ်အနည်းငယ်ကြာနေပါပြီ။ အခုဆိုရင် စွမ်းရည်နိမ့်နဲ့ စွမ်းရည်သင့် Android ဖုန်းတွေမှာ Macro ကင်မရာတွေကို ပေါပေါလောလော သုံးနိုင်နေပါပြီ။

၆။ Cinematic Video Recording

iPhone 13 Series ရဲ့ အဓိက လုပ်ဆောင်ချက် ၁ ခုက Cinematic Mode Video Recording ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က Subject ကို Background ကနေ ခွဲခြားကာ ထင်ထင်ရှားရှား မြင်ရစေဖို့ Background ကို Blur လုပ်ပေးပါတယ်။ ထင်သာအောင် ပြောရရင် Portrait Photo လုပ်ဆောင်ချက်မျိုး ဖြစ်ပါတယ်။

Apple  ရဲ့ Cinematic Mode ကို Android Device တွေမှာ Bokeh Video Recording အမည်နဲ့ ထည့်သွင်းပေးထားတာ နှစ်အနည်းငယ်ကြာနေပါပြီ။ realme , OPPO နဲ့ Xiaomi တို့ရဲ့ ၂၀၂၀ ထုတ် စွမ်းရည်မြင့်နဲ့ စွမ်းရည်သင့် ဖုန်းတွေမှာ အဲဒီ လုပ်ဆောင်ချက် ပါလာပါတယ်။

အနှစ်ချုပ်

အထက်ပါ အကြောင်းအရာတွေကြောင့် Hardware အပိုင်းမှာ iPhone တွေဟာ Android Device တွေထက် နောက်ကောက်ကျနေတယ်လို့ မပြောနိုင်ပါဘူး။ Apple ဟာ နည်းပညာ အသစ်တွေ ရင့်ကျက်တည်ငြိမ်တဲ့ အချိန်ကျမှ iPhone တွေမှာ ထည့်သွင်းပေးလေ့ရှိပါတယ်။ Android ဖုန်း ကုမ္ပဏီတွေကတော့ နည်းပညာ အသစ်တွေကို စောစောစီးစီး ထည့်သွင်းပေးပြီး နောက်ပိုင်းထုတ် ဖုန်းတွေကျမှ ပိုကောင်းအောင် ပြုလုပ်ပေးလေ့ရှိပါတယ်။

Ref : makeuseof