Google ဟာ ယခင်တုန်းက Google I/O Developer Conference ကို လာမယ့် မေလ ၁၂ ရက်ကနေ ၁၄ ရက်အတွင်းမှာ ကျင်းပသွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် အဆိုပါ Google I/O Event ကို လုံးဝဖျက်သိမ်းခဲ့ရပါတယ်။

အဲ့ဒီအတွက် အဆိုပါ Google I/O Event မှာ မိတ်ဆက်ဖို့ရှိနေတဲ့ Android 11 အပြင် Google Pixel 4a စမတ်ဖုန်းတွေကိုလည်း ပုံမှန်အတိုင်းပဲ Online ကနေ မိတ်ဆက်သွားဖို့များနေပါတယ်။ အခုလည်း Google Pixel 4a ကို စတင်ရောင်းချမယ့်အချိန်က ပေါက်ကြားလာခဲ့ပါပြီ။

ဒီသတင်းကတော့ Mobile Operator ကုမ္ပဏီတစ်ခုဖြစ်တဲ့ Vodafone ကနေ ပေါက်ကြားလာခဲ့တာဖြစ်ပြီး Pixel 4a ကို ဥရောပမှာ လာမယ့် မေလ ၂၂ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပုံမှန် Google I/O မှာ မိတ်ဆက်အပြီး ၂ ပတ်အတွင်းမှာ ရောင်းချတတ်တဲ့အတွက် အခုထွက်ရှိလာတဲ့ Pixel 4a ရောင်းချမယ့်အချိန်က ဖြစ်နိုင်ခြေအများကြီးရှိနေပါတယ်။

လောလောဆယ်မှာတော့ Google Pixel 4a စမတ်ဖုန်းနဲ့ ပတ်သက်ပြီးတော့ Google ကနေ တရားဝင်ဘာမှပြောကြားထားခြင်းမရှိသေးပါဘူး။ လက်ရှိပေါက်ကြားထားတဲ့သတင်းတွေအရတော့ Google Pixel 4a ဟာ Qualcomm Snapdragon 670 Processor ၊ RAM 4GB ၊ Pixel 4 မှာအသုံးပြုထားတဲ့ 12MP Single Primary Sensor ၊ Punch-hole Display တွေပါဝင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ ၃၉၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်း ၆ သောင်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – 9to5Google