Xiaomi ကနေ ထုတ်လုပ်နေတဲ့ Mi Band Series Fitness Tracker တွေဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံးသော Fitness Tracker တွေလို့တောင် ပြောလို့ရပါတယ်။ ဒါကလည်း စျေးနှုန်းသက်သာတဲ့အပြင် Feature ပိုင်းမှာလည်း တခြားသောစျေးနှုန်းပိုမြင့်မားတဲ့ Fitness Tracker တွေနဲ့ ယှဥ်ပြိုင်နိုင်တာကြောင့်ဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ Mi Band 5 ကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ အစောပိုင်းတုန်းကလည်း အဆိုပါ Mi Band 5 နဲ့ ပတ်သက်ပြီး သတင်းတွေနဲ့ ဓါတ်ပုံတွေပေါက်ကြားခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ တရားဝင်မိတ်ဆက်မယ့်အချိန်ကို သိရပါပြီ။

Xiaomi ရဲ့ ကြေညာချက်အရတော့ Mi Band 5 ဟာ လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ တရုတ်နိုင်ငံမှာ မိတ်ဆက်သွားမှာဖြစ်ပြီး ကုမ္ပဏီရဲ့ 618 Sale Event နဲ့အတူ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ Xiaomi Mi Band 5 ဟာ Huami ကနေ ထုတ်လုပ်ပေးသွားမှာဖြစ်သလို 1.2″ OLED Display နဲ့ Activity Tracking အမျိုးအစား ၁၁ မျိုးအထိကို Support ပြုလုပ်နိုင်မယ်လို့ ယူဆရပါတယ်။

ဒါတင်မဟုတ်သေးဘဲ မကြာသေးခင်တုန်းကထွက်ရှိခဲ့တဲ့သတင်းအချို့အရ Mi Band 5 မှာ Camera Module ပါ ပါဝင်လာနိုင်ပြီးတော့ ဓါတ်ပုံရိုက်ကူးမှုတွေကိုပါ ပြုလုပ်နိုင်ဖို့ များနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ Xiaomi ကနေ Teaser ဓါတ်ပုံတွေကို ထုတ်ပေးထားခြင်းမရှိသေးတဲ့အတွက် တကယ်ထွက်ရှိလာတဲ့အချိန်မှာ ဘယ်လိုရှိမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China