ပြီးခဲ့တဲ့နှစ်တုန်းက Apple ဟာ iPadOS ကို ကြေညာခဲ့ပါတယ်။ ဒီအချိန်မတိုင်ခင်တုန်းကတော့ iPads တွေမှာ iPhone တွေအတိုင်းပဲ iOS ကို အသုံးပြုခဲ့ကြတာပါ။ ဒီတော့ iOS က iPhone အတွက်ရော iPad အတွက်ပါ အတူတူပဲလို ဖြစ်ခဲ့ပါတယ်။ iPadOS ဆိုပြီး မိတ်ဆက်လိုက်မှ သီးသီးသန့်သန့် ဖြစ်သွားတာပါ။

အခုတော့ Apple ဟာ iOS ကို နာမည်ပြောင်းတော့မယ်လို့ သတင်းထွက်လာပါတယ်။ iPadOS ဆိုတာနဲ့ iPads တွေအတွက် Operation System မှန်းတန်းသိနိုင်သလိုမျိုးပဲ iOS ကိုလည်း iPhone တွေအတွက် Operation System မှန်းတန်းသိနိုင်စေတဲ့ နာမည်မျိုးဖြစ်ပါတယ်။ အဲဒါကတော့ iPhoneOS ဆိုတဲ့ နာမည်ပါ။

ဒီသတင်းက Apple ရဲ့ ပေါက်ကြားသတင်းတွေနဲ့ပတ်သက်ရင် လူသိများတဲ့ Jon Prosser က တွစ်တာမှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။ Jon ရဲ့ တွစ်ကို XDA Developers က Max Weinbach ကလည်း ထောက်ခံအတည်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် iPhoneOS ဆိုတဲ့နာမည်က အမှန်တကယ်ဖြစ်လာဖွယ်ရှိတယ်လို့ ဆိုရတော့မှာပါ။

Apple အနေနဲ့ iOS ကို iPhoneOS ဆိုပြီးနာမည်ပြောင်း၊ မပြောင်း သိရဖို့ လာမယ့် ဇွန်လ ၂၂ ရက်မှာကျင်းပမယ့် Apple ရဲ့ WWDC 2020 conference မှာ စောင့်ကြည့်ရမှာပါ။ တကယ်နာမည်ပြောင်းမယ်ဆိုရင် Apple က ဒီ Conference မှာ ကြေညာသွားဖွယ်ရှိပါတယ်။ Conference ဟာ iOS 14, iPadOS, watchOS နဲ့ macOS တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအသစ်တွေအကြောင်းကိုလည်း အသိပေးဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Ref: Gizmochina