OnePlus ဟာ ထုတ်ကုန်အမျိုးအစားသစ်တစ်မျိုး ထုတ်လုပ်ရောင်းချသွားဖို့ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့ပါပြီ။ ဒါဟာ ကုမ္ပဏီရဲ့ Mid-range ဖုန်းနဲ့ပတ်သက်တဲ့ အကြောင်းဖြစ်ပြီး ကနဦးသတင်းတွေမှာတော့ “Lite” အမျိုးအစားလို့ ဖော်ပြခဲ့ပါတယ်။

OnePlus ရဲ့ Lite အမျိုးအစား စမတ်ဖုန်းနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် @OnePlusLiteZThing လို့ခေါ်တဲ့ ပုဂ္ဂလိက Instagram အကောင့်အကြောင်းလည်းထည့်ပြောရပါမယ်။ ဟုတ်ပါတယ်။ “Lite Z Thing” ပါ။ ဒီအကောင့်က OnePlus ရဲ့ ထုတ်ကုန်သစ်နဲ့ပတ်သက်တဲ့ သတင်းတွေကို လာမယ့်ရက်သတ္တပတ်တွေမှာ ပိုပြီးတော့ ဖော်ပြပေးမယ်လို့လည်း ကတိပေးထားပါသေးတယ်။

ဒီအကောင့်ကို ရည်ညွှန်းပေးတာကတော့ OnePlus ရဲ့ ပူးတွဲတည်ထောင်သူဖြစ်တဲ့ Carl Pei ပဲ ဖြစ်ပါတယ်။ ဒီအချိန်အတောအတွင်းမှာ OnePlus ရဲ့ တွစ်တာအကောင့်ကလည်း “new beginnings” ပုံရိပ်တွေကို မျှဝေနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် စတင်မှုအသစ်ဟာ ဘာလဲဆိုတာကိုတော့ တိတိကျကျ ဖော်ပြခြင်း မရှိသေးပါဘူး။

အခြားသဲလွန်စကတော့ CEO Pete Lau က ဖိုရမ်မှာ တင်ခဲ့တဲ့ ပို့စ်ပါပဲ။ “ပရီမီယံ တွေက Flagship အတွေ့အကြုံကိုပေးပါတယ်။” ဒါပေမယ့် “ပိုပြီးတော့ ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းထုတ်လုပ်မှုလိုင်းက အသစ်ဖြစ်ပါတယ်” လို့ ရေးသားဖော်ပြခဲ့တာပါ။ OnePlus fan အချို့ဟာ အများသူငါဝယ်ယူနိုင်မယ့် ဈေးနှုန်းတွေဖြစ်လာမယ့်နေ့ကို တမ်းတနေကြတာကို သတိထားမိကြောင်းလည်း ပြောခဲ့ပါသေးတယ်။

Lau ရဲ့အဆိုအရ ဈေးနှုန်းချိုသာတဲ့ OnePlus ကို အိန္ဒိယနဲ့ ဥရောပဈေးကွက်တွေမှာ စတင်မယ်လို့ သိရပါတယ်။ အနာဂတ်မှာတော့ မြောက်အမေရိကဆီ တိုးချဲ့ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီစီမံကိန်းကို လွန်ခဲ့တဲ့ ၅ နှစ်အတွင်းက OnePlus အတော်များများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုမှာ ဦးဆောင်တဲ့ Paul Yu က တာဝန်ယူထားတာဖြစ်တယ်လို့ သိရပါတယ်။

ခန့်မှန်းဖော်ပြနေကြတာတွေကိုကြည့်ရင်တော့ ဈေးနှုန်းချိုသာတဲ့ OnePlus ဖုန်းသစ်ဟာ 5G ချိတ်ဆက်မှု ပါဝင်မှာဖြစ်သလို Snapdragon 765G သုံးလာနိုင်တယ်ဆိုတာပါပဲ။ ဒါမှမဟုတ် MediaTEk Dimensity နဲ့ အခြားရွေးချယ်စရာတွေလည်း ရှိနေပါသေးတယ်။ ပြီးတော့ Warp Charge 30W ကိုလည်း ထောက်ပံ့ပေးထားမယ် ဆိုတာပါ။ ဈေးနှုန်းကတော့ $330 ဝန်းကျင် (၄ သိန်းခွဲနဲ့အထက်ဝန်းကျင်) လောက် ဖြစ်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref: GSM Arena