Facebook ဟာ ကြော်ငြာတွေမှာ မုန်းတီးမှုနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို ထည့်သွင်းခွင့်မပြုသလို၊ လူမျိုးရေးခွဲခြားမှုကိုအားပေးတဲ့ ကြော်ငြာတွေကိုလည်း အတိအလင်း တားမြစ်ထားပါတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး၊ ကျား၊ မ လိင်ပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ရင် တားမြစ်ချက်တွေများပြားတယ်လို့ ဆိုရပါမယ်။

Facebook ရဲ့ ပေါ်လစီသစ်မှာလည်း “အသားအရောင်ကို အခြေခံပြီး လူမျိုးရေးခွဲခြားမှု၊ အမျိုးသားရေးဆိုင်ရာ၊ လူမျိုးဆိုင်ရာ၊ ဘာသာရေးနှီးနွယ်မှုဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှု၊ ကျား၊မ ခွဲခြားမှု၊ အခြားသူရဲ့ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကို ခြိမ်းခြောက်တဲ့ အဆင့်အတန်းခွဲခြားမှု၊ ရွှေ့ပြောင်းဒုက္ခသည်တွေကို မထီမဲ့မြင်ပြုမှု” စတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ ကြော်ငြာတွေကို ပိတ်ပင်တဲ့ မူဝါဒချမှတ်ထားတာ ဖြစ်ပါတယ်။

ဒီမူဝါဒဟာ ကြော်ငြာတွေပေါ်မှာပဲ သက်ရောက်မှာဖြစ်ပြီး ငွေပေးချေပြီး မြှင့်တင်ကြော်ငြာမှုမပြုလုပ်တဲ့ (Without paid promotion) Post တွေမှာတော့ သက်ရောက်မှာမဟုတ်ပါဘူး။ Facebook အနေနဲ့ “ကြုံတွေ့နေရတာတွေကို ကျယ်ကျယ်လောင်လောင် ပြောဆိုမျှဝေဖို့အတွက် အင်အားမရှိသူတွေ အတွက်ရပ်တည်သွားမယ်” လို့ ဆိုပါတယ်။ ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ ဒီမူဝါဒတွေနဲ့အညီ သုံးစွဲဖို့လည်း လိုအပ်လာပါတယ်။

အထူးသဖြင့် ဒီမူဝါဒသစ်တွေဟာ ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ မတိုင်မီမှာ ကြိုတင်ပြုပြင်ပြောင်းလဲလိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Facebook ဟာ ရွေးကောက်ပွဲမတိုင်မီ ၇၂ နာရီအတွင်း မဲရုံအခြေအနေနဲ့ပတ်သက်တဲ့ သတင်းတွေ၊ မဲပေးမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ကာကွယ်သွားဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒီအချိန်အတွင်းမှာ လှည့်ဖြားခံရမယ့်၊ ခြိမ်းခြောက်ခံရမယ့် Post တွေကို ပိုပြီးတင်းကျပ်တဲ့ စံနှုန်းတွေနဲ့ ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။

Ref: The Verge