Coca-Cola ဟာ လာမယ့်ဇူလိုင်လ ၁ ရက်နေ့ကစပြီး ရက်ပေါင်း ၃၀ လုံးလုံး ကမ္ဘာလုံးဆိုင်ရာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ ဒီဂျစ်တယ်ကြော်ငြာအားလုံးကို ဆိုင်းငံ့ထားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့ ညနေပိုင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Coca-Cola ရဲ့ ဒီလုပ်ဆောင်ချက်ဟာ Facebook နဲ့ Instagram ကို သပိတ်မှောက်နေကြတဲ့ လှုပ်ရှားမှုအပေါ် ပူးပေါင်းပါဝင်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီသပိတ်မှောက်လှုပ်ရှားမှုဟာ Anti-Defamation League အပါအဝင် NAACP နဲ့ အခြားအဖွဲ့အစည်းတွေက ပူးပေါင်းပြီးလှုံ့ဆော်ဆောင်ရွက်နေတဲ့ “Stop Hate for Profit” အမုန်းတရားကိုအသုံးချပြီး အကျိုးအမြတ်ရှာဖွေမှုကို ရပ်တန့်စေလိုတဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

သပိတ်မှောက်လှုပ်ရှားမှုအရ ကြော်ငြာထည့်သွင်းခြင်းမပြုဘဲ ဆိုင်းငံ့ခံရတဲ့ ပလက်ဖောင်းတွေဟာ Facebook နဲ့ Instagram သာမဟုတ်ဘဲ Twitter, YouTube နဲ့ အခြားပလက်ဖောင်းတွေလည်း ပါဝင်လာဖွယ်ရှိပါတယ်။ “ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ရပ်တည်မှုနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ မလိုအပ်သလို၊ လူမှုမီဒီယာမိတ်ဖက်တွေအနေနဲ့ အမုန်းတရားတွေ၊ အကြမ်းဖက်မှုနဲ့ မသင့်လျှော်တဲ့ အကြောင်းအရာတွေကို သူတို့ရဲ့ ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားဖို့ မျှော်လင့်ပြီး ကုမ္ပဏီရဲ့ ကြော်ငြာစံနှုန်းနဲ့ မူဝါဒတွေကိုပဲ ပြန်လည်သုံးသပ်ဖို့ အချိန်ယူမှာဖြစ်တယ်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

သောကြာနေ့မတိုင်မီကလည်း Unilever ဟာ Verizon နဲ့အတူ ပူးပေါင်းပြီး “Stop Hate for Profit” Campaign မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ စနေနေ့မှာတော့ Multinational beverage ကုမ္ပဏီဖြစ်တဲ့ Diageo ကလည်း အဓိကဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ ကြော်ငြာထည့်သွင်းခြင်းကို ကမ္ဘာအနှံ့အပြားမှာ ခေတ္တခဏရပ်ဆိုင်းမယ်လို့ ကြေညာသွားခဲ့ပါတယ်။

ကုမ္ပဏီကြီးတွေရဲ့ ကြော်ငြာရပ်ဆိုင်းမှုကြောင့် Facebook ဟာ လက်ရှိအချိန်အထိ ဝင်ငွေ ဘီလီယံ တစ်ရာကျော် ထိခိုက်နစ်နာလာဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သပိတ်မှောက်မှုမှာပါဝင်ဖို့ လက်မှတ်ရေးထိုးထားတဲ့ ကုန်အမှတ်တံဆိပ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့်လည်း Facebook ဟာ လူမျိုးရေး၊ ဘာသာရေးနဲ့ အသားအရောင်ခွဲခြားမှုဆိုင်ရာနဲ့ပတ်သက်တဲ့ မူဝါဒသစ်တွေကို အလျှင်အမြန်ချမှတ်ပြီး ထုတ်ပြန်ကြေညာခဲ့တာကို တွေ့မြင်ရပါတယ်။

Ref: The Verge