ဒီဇိုင်းအရမ်းလန်းပြီး ခေါက်လိပ်နိုင်တဲ့ LG စမတ်ဖုန်းရဲ့ 3D ဓါတ်ပုံတွေ အရင်နှစ် ဩဂုတ်လက ထွက်ပေါ်ခဲ့ပါတယ်။ LG မှတ်ပုံတင်ထားတဲ့ Patent ကို အခြေခံပြီး အဲဒီ ဓါတ်ပုံတွေကို ရေးဆွဲခဲ့တာဖြစ်ပြီး အခုတော့ တောင်ကိုရီးယားကထွက်လာတဲ့ သတင်းအရ အဲဒီဖုန်းရဲ့ လျှို့ဝှက်နာမည်ဟာ Project B ဖြစ်ပြီး ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ရောင်းမယ်လို့ သိရပါတယ်။

အဲဒီဖုန်းရဲ့ မျက်နှာပြင်ကို BOE က ထုတ်လုပ်ပေးမှာ ဖြစ်ပြီး LG Display က ထုတ်မှာ မဟုတ်တာက ထူးဆန်းပါတယ်။ နမူနာမော်ဒယ်ကို LG ရဲ့ Pyeongtaek က စက်ရုံမှာ စတင် ထုတ်လုပ်နေပြီ ဖြစ်ပြီး နမူနာမော်ဒယ် ၁၀၀၀ ကနေ ၂၀၀၀ အတွင်း ထုတ်လုပ်ပြီးပြီလို့ သိရပါတယ်။ ရောင်းတန်းဝင် အဆင့် မရောက်ခင် နမူနာမော်ဒယ်ကို အဆင့်လေးဆင့်လောက် ထုတ်လုပ်ရမှာပါ။

LG ဟာ ဖုန်းဈေးကွက်မှာ ကွာတား ၂၀ အထိ ဆက်တိုက်ရှုံးနေခဲ့တဲ့အတွက် ဒီဇိုင်းလန်းတဲ့ စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချဖို့ ကြိုးစားနေတာပါ။ ခေါက်လိပ်နိုင်တဲ့ စမတ်ဖုန်းနဲ့ LG ဟာ ဖုန်းလောကမှာ အဖတ်ဆယ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

Project B အပြင် LG ဟာ သမားရိုးကျ စွမ်းရည်မြင့် ဖုန်း ၁ လုံးကိုလည်း ၂၀၂၁ ခုနှစ် ပထမ နှစ်ဝက်မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ဖုန်းရဲ့ လျှို့ဝှက်နာမည်ဟာ Rainbow ဖြစ်ပြီး LG ဟာ လျှို့ဝှက်နာမည် Wing လို့ ပေးထားတဲ့ အလျားလိုက် သုံးရတဲ့ ဖုန်းကိုလည်း ဒီနှစ် ဒုတိယနှစ်ဝက်မှာ ကြေညာတော့မှာပါ။

Ref : gsmarena