Foxconn ဟာ အိန္ဒိယနိုင်ငံက စက်ရုံတွေမှာ iPhone 11 ယူနစ်တွေကို တပ်ဆင်ထုတ်လုပ်မှု စတင်နေပြီလို့ သတင်းများက ဆိုပါတယ်။ မနှစ်ကလည်း iPhone XR တွေကို အိန္ဒိယမှာ တပ်ဆင်ထုတ်လုပ်ခဲ့ပြီးနောက် Apple ဟာ အိန္ဒိယမှာ ထုတ်လုပ်မှုကို ဆက်လက်မြှင့်တင်လာတာကို တွေ့ရမှာပါ။

၂၀၁၉ စက်တင်ဘာမှာ မိတ်ဆက်ခဲ့တဲ့ iPhone 11 တွေရဲ့ ထုတ်လုပ်မှုကို အိန္ဒိယမှာ ပြန်လည်စတင်ခဲ့တာဖြစ်ပြီး ပထမဆုံး တပ်ဆင်ထုတ်လုပ်တဲ့ အသုတ်ထဲက ဟန်းဆက်တွေကို အိန္ဒိယပြည်တွင်းစျေးကွက်မှာ စတင် ဝယ်ယူနိုင်နေပြီလို့ ဆိုပါတယ်။

အတိတ်တုန်းကလည်း Apple ကုမ္ပဏီဟာ ပထမမျိုးဆက် iPhone SE အပြင် iPhone 6s နဲ့ 7 စီးရီးတွေကို အိန္ဒိယမှာ ထုတ်လုပ်ခဲ့ဖူးပါတယ်။ ဒီလို ပြုမူခြင်းကြောင့် အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တဲ့ ဟန်းဆက်တွေအပေါ် ကောက်ခံတဲ့ အခွန်ငွေ ၂၀% ကိုလည်း ပေးစရာမလိုတော့ဘဲ စျေးကွက်ထဲမှာ ပိုမိုယှဉ်ပြိုင်နိုင်လာမှာပါ။

ဒါ့ကြောင့် တရုတ်စျေးကွက်အပြီး နောက်ထပ်အင်အားကြီး အာရှစျေးကွက်တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံအတွင်းမှာလည်း ကြိုဆိုမှုမြင့်မားနေတဲ့ iPhone 11 တွေဟာ စျေးကွက်ထဲမှာ ဆက်ယှဉ်ပြိုင်နိုင်နေမှာဖြစ်ပါတယ်။ Foxconn ဟာ အိန္ဒိယနိုင်ငံမှာ ဒေါ်လာတစ်ဘီလီယံထိ သုံးစွဲပြီး စက်ရုံတွေကို တိုးချဲ့သွားဖို့နဲ့ အိုင်ဖုန်းထုတ်လုပ်မှုတွေကို တရုတ်ပြည် ပြင်ပမှာ ကောင်းမွန်စွာ ပြုလုပ်နိုင်စေဖို့ လုပ်ဆောင်သွားမယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

Ref – GSMArena