realme က ဇူလိုင်လမှာ C15 နဲ့ ပြီးခဲ့တဲ့ လမှာ C12 ကို ကြေညာခဲ့ပါတယ်။ realme က ဒါနဲ့တင် မကျေနပ်နိုင်သေးပါဘူး။ C Series အသစ် ၁ လုံး ဖြစ်တဲ့ realme C17 ကို ဒီလ ၂၁ ရက်နေ့မှာ ကြေညာတော့မှာဖြစ်ပြီး realme Narzo 20 Series တွေကြေညာမယ့်နေ့နဲ့ တူနေပါတယ်။

realme C17 ကို ကြေညာမယ့် နေ့ဟာ realme Bangladesh ကနေ ထွက်လာတာ ဖြစ်ပြီး မိတ်ဆက်ပွဲကို YouTube နဲ့ Facebook တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက realme C17 မှာ 90Hz Refresh Rate မျက်နှာပြင် ပါမယ်လို့ အတည်ပြုထားပါတယ်။ မကြာခင်က ပေါက်ကြားခဲ့တဲ့ သတင်းအရ အဲဒီ စမတ်ဖုန်းမှာ ၆.၅ လက်မ HD+ မျက်နှာပြင် ထည့်သွင်းထားနိုင်ပါတယ်။ Facebook မှာ realme မျှဝေထားတဲ့ ဓါတ်ပုံမှာ C17 ရဲ့ အနောက်ဘက် ဒီဇိုင်းကို မြင်ရပြီး ကင်မရာ ၄ လုံးနဲ့ လက်ဗွေရာ အာရုံခံကိရိယာ တပ်ဆင်ထားပါတယ်။

ပေါက်ကြားနေတဲ့ ကျန် Specs တွေ အကြောင်း ပြောရရင် realme C17 မှာ Snapdragon 460 SoC, 6GB RAM နဲ့ 128GB Storage တွေ ပါလာမှာပါ။ 18W Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါမယ့်အတွက် ဘက်ထရီ သက်တမ်း ကောင်းမှာပါ။

8MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးပါလာပြီး အနောက်ဘက်မှာ 13MP Main , 8MP Ultrawide , 2MP Monochrome နဲ့ 2MP Macro ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ ပေါက်ကြား သတင်းတွေအရ အဲဒီ စမတ်ဖုန်းရဲ့ Specs အများစုကို သိလာရပြီ ဖြစ်ပြီး မသိရသေးတာကတော့ ဈေးနှုန်းပါ။

Ref : gsmarena