Spotify ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Music Streaming Service ဆိုရင်လည်း မမှားပါဘူး။ ဒါကလည်း Apple Music လိုမျိုး Premium Subscription တစ်မျိုးတည်းရှိတာမဟုတ်ဘဲ Free Subscription Plan ကိုပါ သတ်မှတ်ပေးထားတဲ့အပြင် Device အများအပြားကိုလည်း Support ပြုလုပ်တာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Spotify ဟာ သီချင်းစာသား Lyrics တွေကို နိုင်ငံတချို့မှာပဲ ဖော်ပြနိုင်သလို သီချင်းစာသားတွေကနေတစ်ဆင့် သီချင်းနာမည်ကို ရှာဖွေနိုင်ခြင်းလည်း မရှိခဲ့ပါဘူး။ ဒါက Apple Music နဲ့ ယှဥ်ရင် အားနည်းချက်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ Spotify ကနေ သီချင်းစာသားတွေကို ရိုက်ရှာလိုက်ရုံနဲ့ ကိုက်ညီတဲ့ သီချင်းနာမည်ကို ဖော်ပြပေးနိုင်တဲ့ Feature ကို Update ပြုလုပ်ပေးလိုက်ပြီလို့ သိရပါတယ်။

အဆိုပါ Feature Update ဟာ Apple iOS Device တွေနဲ့ Android Device တွေမှာပါ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ်ရှာဖွေချင်တဲ့သီချင်းကို စာသားပဲ မှတ်မိပြီး နာမည်မမှတ်မိဘူးဆိုရင် စာသားရိုက်ရှာလိုက်တာနဲ့ ကိုက်ညီတဲ့သီချင်းတွေကို ဖော်ပြပေးသွားမှာပါ။ ဒီ Feature က Song Recognition App တွေဖြစ်တဲ့ Shazam လိုမျိုးနဲ့ မတူညီတဲ့အတွက် ဖွင့်ထားတဲ့သီချင်းကို နားထောင်နိုင်မှာမဟုတ်ဘဲ ကိုယ်တိုင် စာသားကို မှန်မှန်ကန်ကန်ရိုက်ရှာဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Spotify ကနေ Real-time Lyrics Support ကိုလည်း တကမ္ဘာလုံးအတွက် Update ပြုလုပ်ပေးဖို့ရှိနေတယ်လို့ သိရပါတယ်။ တကယ်လို့သာ Real-time Lyrics Support ပါရရှိလာပြီဆိုရင် လက်ရှိ Apple Music နဲ့ YouTube Music လိုမျိုး Streaming Service တွေထက် Feature ပိုင်းမှာ ပိုသာသွားပြီဖြစ်ပါတယ်။

လောလောဆယ်မှာတော့ သီချင်းစာသားကို ရိုက်ရှာပြီး သီချင်းနာမည်သိနိုင်တဲ့ Feature ဟာ Mobile App တွေမှာပဲ ရရှိဦးမှာဖြစ်ပြီး Web Player အတွက်ကတော့ မကြာခင်ရရှိလာနိုင်ဖွယ်ရှိပါတယ်။

Ref – Android Central