Samsung ရဲ့ ISOCELL လို့ပြောလိုက်တာနဲ့ လောလောလတ်လတ်ပြေးမြင်ကြမှာက 108MP image sensor ပဲ ဖြစ်မယ်ထင်ပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ ခေတ်စားနေတဲ့ Image sensor လို့ ပြောရင်လည်း မမှားပါဘူး။ တကယ်တော့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးက 108MP ထက် အများကြီးကို ခုန်တက်ချင်နေတာပါ။

နာမည်ကျော် Tipster ဖြစ်တဲ့ Ice Universe က Samsung ISOCELL နဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ပုဒ်ယူဆောင်လာပါတယ်။ ကုမ္ပဏီရဲ့အတွင်းပိုင်းနဲ့ ချိတ်ဆက်မှုအားကောင်းတဲ့ ရင်းမြစ်ဆီကနေ ထွက်ကျလာတဲ့ သတင်းကတော့ Samsung ဟာ 600MP sensor ကိုအကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းပါပဲ။

တရားဝင်မဟုတ်ပေမယ့် ဒီသတင်းကိုယုံကြည်စေနိုင်လောက်တဲ့ အချက်အလက်အချို့ကလည်း ရှိနေပြန်ပါတယ်။ ထွက်ပေါ်လာတဲ့ ပုံရိပ်အချို့က ဒီစီမံကိန်းကြီးတစ်ခုလုံးရဲ့နောက်ကွယ်က မောင်းနှင်နေတယ်လို့ပြောနိုင်တဲ့ Key Specs အချို့ကိုလည်း ဖော်ပြနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အစဉ်အလာရှိတဲ့ Ice Universe ရဲ့ သတင်းတွေကို ရာနှုန်းပြည့် ပစ်ပယ်လို့မရတာလည်း ဖြစ်ပါတယ်။

သတင်းအရ 4K နဲ့ 8K ဗီဒီယိုရိုက်ကူးမှုဟာ အဓိကခေတ်ရေစီးကြောင်းဖြစ်လာမှာဖြစ်တဲ့အတွက် Samsung ကလည်း ပိုကြီးတဲ့ Sensor နဲ့ ဖြေရှင်းလိုတယ်လို့ သိရပါတယ်။ အခုဖြေရှင်းဖို့ကြိုးစားနေတာဟာ Zoomed video တွေကို အရည်အသွေးအများကြီးမထိခိုက်စေဘဲ ခွင့်ပြုနိုင်ဖို့လည်း ဖြစ်ပါတယ်။ အောင်မြင်သွားရင်တော့ Zoomed video တွေကို ပိုကောင်းတဲ့အရည်အသွေးနဲ့ ရရှိလာမယ်လို့ ယုံကြည်ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ ISOCELL 600MP sensor ဟာ အချိန်တိုတိုလေးအတွင်းမှာ ထွက်ပေါ်လာမှာတော့မဟုတ်ပါဘူး။ Samsung အနေနဲ့လည်း Camera Bump ပြဿနာကို အရင်ဖြေရှင်းရဦးမှာပါ။ 1/0.57-inch ကြီးမားတဲ့ sensor ဟာ ဖုန်းရဲ့ ကျောဘက် Panel ၁၂% နီးပါးကို နေရာယူနိုင်မှာပါ။ ဒါ့အပြင် 22mm လည်း စွန်းထွက်နေဦးမှာပါ။ အခုပြောနေတာက အလွန်ကြီးမားတဲ့ 0.8µm pixel size နဲ့ 600MP sensor အကြောင်း ဖြစ်ပါတယ်။

Ref: GSM Arena