Nokia ဟာ အခုအချိန်မှာ စမတ်ဖုန်းတွေအများအပြားကို မိတ်ဆက်ထားပြီးဖြစ်သလို နောက်ထပ်လည်း Mid Range စမတ်ဖုန်းအသစ်တွေမိတ်ဆက်လာဦးမယ်ဆိုပြီး သတင်းထွက်ရှိနေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ တရုတ်နိုင်ငံမှာ အရင်ဆုံး Android Go OS ကို အသုံးပြုထားတဲ့ စမတ်ဖုန်းအသစ်ကို လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်ပါပြီ။

Nokia ဟာ ပုံမှန်အားဖြင့် Stock Android လို့တောင် ပြောနိုင်တဲ့ Android One OS ကိုပဲ အသုံးပြုပြီး စမတ်ဖုန်းတွေထုတ်လုပ်နေတာဖြစ်ပြီး Budget ပိုင်းတွေအတွက်ပဲ Android Go OS နဲ့ မိတ်ဆက်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုမိတ်ဆက်လာမယ့် စမတ်ဖုန်းအသစ်ကလည်း စျေးသက်သာတဲ့ Budget ဖုန်းပဲဖြစ်လာဖို့များနေပါတယ်။

Google ကလည်း အခုနောက်ပိုင်းမှာ Android Go OS အတွက် Android 11 Update ကို ထုတ်ပြီးထားပြီးဖြစ်သလို Camera ပိုင်း စွမ်းဆောင်ရည်ပိုကောင်းစေဖို့အတွက်လည်း Google Camera App ကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် တခြားသော Android Go App တွေဖြစ်တဲ့ Gmail Go ၊ Maps Go ၊ Google Assistant Go လိုမျိုး App တွေက တရုတ်နိုင်ငံမှာ အလုပ်လုပ်မှာမဟုတ်တဲ့အတွက် Nokia အနေနဲ့ Google Services App တွေအကုန်လုံးကို ဖြုတ်ချပြီး Android Go ဖုန်းအသစ်ကို မိတ်ဆက်လာမလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

လောလောဆယ်မှာတော့ Nokia ကနေ တရုတ်နိုင်ငံအတွက် ပုံမှန် Android 10 OS နဲ့ မိတ်ဆက်ထားတဲ့ Nokia 3.1 Plus နဲ့ Nokia C3 ဖုန်းတွေက စျေးအသက်သာဆုံးဖုန်းတွေဖြစ်နေပါတယ်။ ဒါပေမယ့် အခုမိတ်ဆက်လာမယ့် Android Go OS နဲ့ Nokia ဖုန်းအသစ်က တရုတ်နိုင်ငံမှာ စျေးအသက်သာဆုံးဖုန်းတစ်လုံးဖြစ်လာဖို့က ကျိန်းသေသလောက်ရှိပါတယ်။

Ref – GSM Arena