Xiaomi ဟာ နိုင်ငံတကာဈေးကွက်အတွက် Redmi Note 9T 5G ကို ကြေညာခဲ့သလို Redmi 9T ကိုလည်း တစ်ပါတည်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ Redmi 9T ဟာ ဈေးနှုန်းပိုင်းမှာ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကို ယူဆောင်လာသလို၊ တန်ဖိုးနဲ့လျော်ညီတာထက်ပိုတဲ့ Feature တွေကိုလည်း ယူဆောင်လာတယ်လို့ ဆိုရမှာပါ။

Redmi 9T ဟာ Redmi Note 9T 5G လိုမျိုး 6.53-inch IPS LCD 1080p resolution မျက်နှာပြင်နဲ့ဖြစ်ပေမယ့် ပိုပြီးတော့ဈေးချိုတဲ့အမျိုးအစား ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာလည်း Redmi 9T ဟာ Redmi Note 9T 5G ထက် အရေအတွက် ပိုသလို၊ အဓိကကင်မရာကလည်း 48MP f/1.8 ချင်း အတူတူပဲ ဖြစ်ပါတယ်။ 2MP macro နဲ့ Depth sensor တို့ပါဝင်တာချင်းလည်းတူပေမယ့် Redmi 9T မှာ 8MP f/2.2 ultra-wide ကင်မရာ ပိုလာပါတယ်။

Redmi 9T ဟာ မျက်နှာပြင်မှာ Tear-drop notch နဲ့အတူ 8MP ကင်မရာတစ်လုံးတပ်ဆင်ပေးထားပါတယ်။ အတွင်းအစိတ်အပိုင်းအဖြစ် Snapdragon 662 chipset ကို အသုံးပြုထားပြီး 4GB/6GB of RAM နဲ့ တွဲဖက်ပေးထားပါတယ်။ သိုလှောင်မှုပမာဏကလည်း 64GB နဲ့ 128GB ဆိုပြီး နှစ်မျိုးနှစ်စား ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီပိုင်းမှာတော့ Redmi Note 9T 5G ထက်ပိုကြီးတဲ့ 6,000mAh ပမာဏ တပ်ဆင်ပေးထားပြီး 18W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ ဒီဘက်ထရီဟာ ၄ နှစ်ကြာစိတ်ချလက်ချသုံးနိုင်ပြီး၊ တစ်ကြိမ်အားသွင်းထားရင်လည်း ရက်အတော်များများထားရှိနိုင်တယ်လို့ Xiaomi က အခိုင်အမာပြောဆိုထားပါတယ်။

Redmi 9T မှာ Infrared sensor, 3.5mm headphone jack နဲ့ NFC တွေထောက်ပံ့ထားတာကလည်း Redmi Note 9T 5G နဲ့အတူတူပဲ ဖြစ်ပါတယ်။ Redmi 9T ရဲ့ အားနည်းချက်က 5G ကွန်ရက်နဲ့ချိတ်ဆက်မရနိုင်တာလို့ ပြောရမှာဖြစ်ပေမယ့် ဈေးနှုန်းကတော့ နှစ်ခါပြန်စဉ်းစားစရာမလိုလောက်တဲ့ ဈေးနှုန်းလို့ ဆိုချင်ပါတယ်။

Redmi 9T 4/64GB မော်ဒယ်ဟာ €159 (၂ သိန်း ၆ သောင်းဝန်းကျင်) ကနေ စတင်မှာဖြစ်ပြီး 4/128GB ကတော့ €189 (၃ သိန်းစွန်းစွန်းဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ (NFC အတွက်တော့ €10 စီပိုပြီး ကျသင့်မှာပါ) 6/128GB ရဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref: GSM Arena