လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတုန်းက Xiaomi ရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဥက္ကဌဖြစ်တဲ့ Lin Bin ဟာ Foldable စမတ်ဖုန်း အသုံးပြုနေတဲ့ဗီဒီယိုကို Weibo ပေါ် လွှင့်တင်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ Xiaomi ရဲ့ Foldable စမတ်ဖုန်းကို ဈေးကွက်ထဲမှာတွေ့ရဖို့ စောင့်ဆိုင်းခဲ့ကြရတာ အခုအချိန်အထိပဲ ဖြစ်ပါတယ်။

Foldable နည်းပညာတွေ စတင်ဖွံ့ဖြိုးလာတာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ ဈေးကွက်ထဲမှာ များပြားတဲ့ Foldable စမတ်ဖုန်းတွေကို မတွေ့ကြရသေးပါဘူး။ ဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်တဲ့ Foldable စမတ်ဖုန်းအမှတ်တံဆိပ်က လက်တစ်ဖက်စာတောင် မပြည့်ပါဘူး။

ဒီနှစ်မှာတော့ Foldable ဈေးကွက်ရဲ့ ပြိုင်ဆိုင်မှုဟာ ပိုပြီးမြိုင်ဆိုင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဈေးကွက်ထဲကိုပို့ဆောင်မိတ်ဆက်တော့မယ့် Foldable အမှတ်တံဆိပ်တွေထဲမှာ Xiaomi လည်း ပါလာတော့မယ်လို့ မျှော်လင့်ရပါတယ်။ အကြောင်းက Xiaomi ရဲ့ Foldable device ကို တရုတ်နိုင်ငံရဲ့ မြေအောက်ရထားတစ်ခုပေါ်မှာ သုံးစွဲနေတာကို တွေ့မြင်လိုက်ကြရလို့ပဲ ဖြစ်ပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ Xiaomi foldable ဖုန်းဟာ Engineering prototype တစ်ခုဖြစ်မယ်လို့ ယုံကြည်ရပြီး Protective casing နဲ့လည်း ဖုံးကွယ်ထားတာ ဖြစ်ပါတယ်။ အလယ်တည့်တည့်မှာခေါက်ကြောင်းရှိပြီး၊ အတွင်းဘက်ကိုခေါက်သိမ်းတဲ့ဒီဇိုင်းဟာ ရုတ်တရက်ကြည့်ရင်တော့ Galaxy Z Fold နဲ့ ဆင်တူယိုးမှားဖြစ်ပါလိမ့်မယ်။ ဒီစမတ်ဖုန်းဟာ MIUI 12 OS မောင်းနှင်ထားတာကိုလည်း တွေ့မြင်ကြရပါတယ်။

ဖြန့်ကိုင်ထားတဲ့အရွယ်အစားအရ၊ ဒီဟန်းဆက်ဟာ ခေါက်သိမ်းထားရင်လည်း အတော်လေးအရွယ်အစားကြီးနေဦးမယ်လို့ ယုံကြည်ရပါတယ်။ ကောလာဟလတွေအရတော့ Xiaomi ရဲ့ Foldable တွေဟာ Samsung ရဲ့ UTG (ultra-thin flexible glass) တွေကို အသုံးပြုမယ်လို့ ဆိုနေကြပါတယ်။ Xiaomi ရဲ့ ဒီ Foldable နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ အခုထိမသိရသေးဘဲ၊ အချိန်အနည်းငယ် ထပ်ပြီးစောင့်ဆိုင်းရဖွယ်ရှိပါတယ်။

Ref: Gizmochina