Apple ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ Apple M1 Chip ကို စတင်ကြေညာခဲ့ပြီး ၂ နှစ်အတွင်းမှာ Intel Processor တွေကနေ ကိုယ်ပိုင် Apple Silicon Chip တွေကိုပဲ Mac ကွန်ပျူတာတွေ အကုန်လုံးမှာ ပြောင်းလဲအသုံးပြုသွားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အဆိုပါ Apple M1 Chip ဟာ First Generation Chip ဖြစ်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ အလွန်ကောင်းမွန်ပြီး Apple ရဲ့ MacBook Pro 13-inch ၊ MacBook Air ၊ Mac Mini ၊ iMac 24-inch နဲ့ iPad Pro တွေမှာပါ အသုံးပြုနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက Apple က စွမ်းဆောင်ရည်ပိုင်းမှာ လက်ရှိအကောင်းဆုံး Desktop Processor တွေကို ယှဥ်ပြိုင်နိုင်တဲ့ M1 Pro နဲ့ M1 Max တွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဆိုပါ စွမ်းဆောင်ရည်ပိုကောင်းတဲ့ M1 Pro နဲ့ M1 Max Chip တွေကိုတော့ လောလောဆယ်မှာ MacBook Pro 14-inch နဲ့ MacBook Pro 16-inch အသစ်တွေမှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

အခုလည်း Apple ကနေ ယခင်တုန်းက ဝယ်ယူနိုင်သေးတဲ့ Entry Level Intel Processor အသုံးပြုထားတဲ့ iMac 21.5-inch iMac ကိုရောင်းချနေမှုကို ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ ဒါက M1 iMac 24-inch ကို မိတ်ဆက်ပြီး ၆ လအကြာမှာ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် iMac ကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင် အနိမ့်ဆုံးအနေနဲ့ M1 iMac 24-inch ကိုပဲ ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။

Apple ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ M1 Pro နဲ့ M1 Max Chip တွေပါဝင်လာနိုင်ပြီး Design ပိုင်းအကြီးအမားပြောင်းလဲထားမယ့် Mac Mini အပြင် iMac 27-inch ကိုပါ အသစ်မိတ်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဆိုပါ Intel Processor အသုံးပြုထားတဲ့ iMac 27-inch ကို ဝယ်ယူနိုင်နေဆဲပဲဖြစ်ပါတယ်။

လာမယ့် ၂၀၂၂ ခုနှစ်မှာပဲ Apple MacBook Air ကိုလည်း Design ပြောင်းလဲပြီး မိတ်ဆက်သွားမှာဖြစ်ပြီး Performance ပိုင်းမှာတော့ M1 Pro နဲ့ M1 Max Chip တွေအစား M1 Chip ကိုပဲ အဆင့်မြှင့်တင်ထားတဲ့ M1 Chip အသစ်ကိုပါ အသုံးပြုလာမယ်လို့ သိရပါတယ်။ Design ပိုင်းမှာလည်း လက်ရှိ MacBook Pro 14-inch နဲ့ MacBook Pro 16-inch တွေလိုမျိုး Webcam အတွက် Notch ပါဝင်လာမှာဖြစ်ပါတယ်။

Ref – 9to5mac