Samsung Galaxy Tab S8 တွေအကြောင်းပြောမယ်ဆိုရင်တော့ ပုံပြင်အရှည်ကြီးတစ်ပုဒ်လို ဖြစ်နေမှာပါပဲ။ ၂၀၂၁ ခုနှစ်အစောပိုင်းကတည်းက Tab S8 စီးရီးဟာ Tab S7 စီးရီးထက် အနည်းငယ်ပဲတိုးတက်လာမယ်လို့ သတင်းထွက်ခဲ့တာပါ။ ဒီနောက်ပိုင်းမှာ Tab S8 နဲ့ပတ်သက်တဲ့သတင်းတွေကျဲသွားပြီး ဩဂုတ်လလယ်ပိုင်းလောက်မှ Tab S8 သုံးမျိုးစလုံးမှာ Snapdragon 898 သုံးလာနိုင်တယ်ဆိုတဲ့သတင်းနဲ့အတူ ပြန်လည်လှုပ်ရှားလာပါတော့တယ်။

အောက်တိုဘာလကုန်ပိုင်းမှာတော့ Galaxy Tab S8 ရဲ့ ပထမဆုံး အရည်အသွေးမြင့် Renders တွေ ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်မှာတော့ Snapdragon 8 Gen 1 နဲ့အတူ Galaxy Tab S8 Ultra ကို Geekbench မှာ တွေ့မြင်လာရပါတယ်။ အခြား Tab S8 တွေကိုလည်း Geekbench မှာတွေ့ရသလောက်တော့ ကနဦးသတင်းထွက်ခဲ့သလို Snapdragon 898 နဲ့မဟုတ်ဘူးလို့ သတ်မှတ်နိုင်ပါတယ်။

အခုတော့ Galaxy Tab S8 သုံးမျိုးစလုံးရဲ့ တရားဝင် Renders တွေ ထွက်ပေါ်လာပြီး သယ်ဆောင်လာသူကတော့ နာမည်ကျော် Evan Blass ပဲ ဖြစ်ပါတယ်။ ပုံတွေအရ Tab S8 ဟာ 11-inch, Tab S8+ ဟာ 12.4-inch နဲ့ Tab S8 Ultra ဟာ 14.6-inch မျက်နှာပြင် အသီးသီးရှိတာကို တွေ့မြင်ရပါတယ်။ သေးငယ်တဲ့ သင်ပုန်းနှစ်ခုကတော့ Galaxy Tab S7 စီးရီးနဲ့ ခပ်ဆင်ဆင်အသွင်အပြင်ဖြစ်ပြီး Ultra ဗားရှားကတော့ ကနဦးကောလာဟလတွေအတိုင်း Notch နဲ့ ဖြစ်ပါတယ်။

Ultra ရဲ့ Notch မှာ ကင်မရာနှစ်လုံးတပ်ဆင်ထားတာကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပြီး အခြားမော်ဒယ်နှစ်ခုနဲ့ နှိုင်းယှဉ်ရင်လည်း ပတ်လည် Bezels တွေက သိသိသာသာကျဉ်းမြောင်းနေတာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် Galaxy Tab S8 Ultra ရဲ့ Notch ဟာ အခြား Devices တွေနဲ့နှိုင်းယှဉ်ရင် ကျစ်လျစ်တဲ့အနေအထားမှာရှိတယ်ဆိုတာကို ငြင်းလို့မရပါဘူး။ Galaxy Tab S8 မော်ဒယ်သုံးမျိုးစလုံးဟာ 120Hz AMOLED panels, Qualcomm Snapdragon 8 gen 1 chip ကိုယ်စီ အသုံးပြုထားမယ်လို့ သိရပါတယ်။

Ref: GSM Arena