Mozilla လို့ ဆိုလိုက်တာနဲ့ Firefox Web Browser ကို ထုတ်လုပ်ထားတဲ့ ကုမ္ပဏီဆိုတာကို သိပြီးဖြစ်ကြမှာပါ။ Mozilla ဟာ Non-profit Organization တစ်ခုဖြစ်တာကြောင့် ကုမ္ပဏီရဲ့ဝင်ငွေဟာ လှူဒါန်းမှုတွေကနေလည်း ရရှိနေတာဖြစ်ပါတယ်။

အခုလိုမျိုး လှူဒါန်းမှုတွေဟာ ပုံမှန် Bank Transfer နဲ့ တခြားသော Payment တွေအပြင် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက စတင်ပြီး Bitcoin နဲ့ လှူဒါန်းမှုတွေကိုပါ လက်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ Mozilla ကနေ တခြားသော Cryptocurrency နဲ့ လှူဒါန်းမှုတွေကိုပါ လက်ခံသွားမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

ဒါပေမယ့် အခုလိုမျိုး Cryptocurrency နဲ့ လှူဒါန်းမှုတွေကို လက်ခံနေမှုကို Mozilla Founder ဖြစ်တဲ့ Jamie Zawinski ကတော့ လက်ခံနိုင်တဲ့ပုံစံမပေါ်ပါဘူး။ Jamie Zawinski ဟာ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ထဲက Mozilla မှာ အလုပ်လုပ်ကိုင်နေမှုကို ရပ်ဆိုင်းထားပြီး ဖြစ်ပေမယ့် အခုလိုမျိုး Mozilla ကနေ Crypto လှူဒါန်းမှုတွေကို လက်ခံနေတဲ့အတွက် Twitter မှာ စတင်ပြီး လက်မခံနိုင်ကြောင်း Tweet ရေးသားဖော်ပြခဲ့ပါတယ်။

Jamie Zawinski ရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က ရေးသားခဲ့တဲ့ Tweet မှာတော့ အခုလိုမျိုး ကမ္ဘာကြီးကို ပျက်စီးစေနိုင်တဲ့အရာတွေကို ပူးပေါင်းခဲ့တာကြောင့် ပါဝင်တဲ့သူတိုင်းဟာ ကိုယ့်ကိုယ်ကို အရှက်ရသင့်တယ်ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ပြောကြားခဲ့တာက Mozilla အပြင် Cryptocurrency စျေးကွက်ထဲမှာပါ ပျံ့နှံ့သွားခဲ့ပါတယ်။

ဒီလိုမျိုး ဝေဖန်မှုတွေမြင့်မားလာတာကြောင့် Mozilla ကနေ အခုအချိန်မှာတော့ အဆိုပါ Cryptocurrency နဲ့ လှူဒါန်းမှုတွေကို လက်ခံနေမှုကို ခတ္တရပ်ဆိုင်းလိုက်မယ်ဆိုပြီး ဖြေရှင်းခဲ့ရပါတယ်။ Mozilla ရဲ့ ပြောကြားချက်အရတော့ အခု Cryptocurrency နဲ့ လှူဒါန်းမှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိနိုင်၊ မရှိနိုင်ဆိုတာကို အသေးစိတ်စစ်ဆေးပြီး ပြန်လည် Review ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ စစ်ဆေးမှုတွေဟာ ပွင့်လင်းမြင်သာမှုရှိမှာဖြစ်ပြီး ပုံမှန် Update တွေကို ကြေညာသွားမယ်လို့ သိရပါတယ်။

အခုလို Cryptocurrency လှူဒါန်းမှုတွေကို လက်ခံမှုတွေကို ရပ်ဆိုင်းထားပေမယ့် Mozilla ကတော့ Cryptocurrency စျေးကွက်ဟာ ဆက်လက်ပြီး လေ့လာသွားမယ့်စျေးကွက်တစ်ခုဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Cryptocurrency တွေဟာ လက်ရှိအချိန်မှာ တကမ္ဘာလုံးမှာ ရေပန်းအစားဆုံးဖြစ်လာသလို တဖက်မှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှုတွေကြောင့် အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း တချို့သော ကုမ္ပဏီကြီးတွေက Cryptocurrency စျေးကွက်ကို ဝင်ရောက်ဖို့ကို ဆက်လက်စောင့်ကြည့်စမ်းသပ်နေဆဲဖြစ်ပါတယ်။

Ref – The Verge