Scott Martin ဟာ အောင်မြင်တဲ့ အနုပညာရှင်နဲ့ Animator အဖြစ် နှစ်များစွာ ရပ်တည်ခဲ့ပြီး စီးပွားရေး လုပ်ငန်းတွေရဲ့ ကြော်ငြာတွေကို ဖန်တီးပေးခဲ့ပါတယ်။ သူဟာ Freelance အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတာ ဖြစ်ပြီး အနုပညာ နာမည်က Burnt Toast ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူဟာ NFT တွေကို ဖန်တီး ရောင်းချလာခဲ့ရာကနေ ပိုမိုအောင်မြင်လာကာ ဝင်ငွေများစွာ ရလာခဲ့ပါတယ်။
Martin နဲ့ လုပ်ဖော်ကိုင်ဖက် ၂ ယောက် ဖြစ်တဲ့ Jordan Castro နဲ့ Evan Keast တို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ Doodles လို့ နာမည်ပေးထားတဲ့ Art Collection ၁ ခုကို ဖန်တီးခဲ့ပါတယ်။ အဲဒီ Collection မှာ NFT ပေါင်း ၁၀,၀၀၀ ပါပြီး မိနစ်ပိုင်းအတွင်း ရောင်းချနိုင်ခဲ့ပါတယ်။ NFT တွေထဲမှာ ဂြိုလ်သားတွေ၊ အရိုးခေါင်းတွေ ၊ လာဘ်ကောင်တွေ ၊ ဇာတ်ကောင်များစွာနဲ့ ပျော်ရွှင်စရာ ရုပ်ပုံများစွာ ပါဝင်ပါတယ်။ Martin ဖန်တီးထားတဲ့အထဲမှာ နေကာမျက်မှန်၊ AirPods တို့လို Accessory တို့လည်း ထည့်သွင်းထားပါတယ်။ အဲဒီ Collection ဟာ ၃ လအတွင်း ဒေါ်လာ ၁၆၆.၁ သန်းဖိုး ရောင်းချနိုင်ခဲ့တာက အံ့အားသင့်စရာကောင်းလှပါတယ်။
အဲဒီအထဲက NFT ၁ ခု ဖြစ်တဲ့ Doodle #6914 ဟာ ရွှေရောင် သရဖူ ဆောင်းထားတဲ့ မျောက်ပုံ ဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်နေ့က ဒေါ်လာ ၁.၁ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီ NFT ဟာ 1,500 ETH တန်ကြေးရှိလာပြီ ဖြစ်ပြီး ဒေါ်လာနဲ့တွက်ရင် ၃.၆ သန်း ဖြစ်ပါတယ်။
ဂီတပညာရှင် Steve Aoki ဟာ ဒေါ်လာ ၈၅၉,၀၀၀ နဲ့ ဝယ်ယူလိုက်တဲ့ Doodle NFT ၁ ခုကို ဇန်နဝါရီလ ၁၂ ရက်နေ့က သူ့ရဲ့ ဖျော်ဖြေပွဲ ၁ ခုမှာ ပြသလိုက်တာကို Martin က အံ့အားသင့် ဝမ်းသာခဲ့ရတယ်လို့ ပြောပြပါတယ်။
Ref : fortune