အခုဆိုရင် ကုမ္ပဏီ အရွယ်အစားမျိုးစုံဟာ NFT နယ်ပယ်ထဲကို ဝင်ရောက်လာကြပါပြီ။ နောက်ဆုံးဝင်လာတာက ဗြိတိန် အခြေစိုက် Developer ဖြစ်တဲ့ Team17 ဖြစ်ပြီး Indie စတိုင် ဂိမ်းတွေကို ဖန်တီးထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
အခုတော့ Team17 က MetaWorms NFT တွေကို ကြေညာလိုက်ပြီး တရားဝင် Website နဲ့ Discord Server ကို တည်ထောင်ထားပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ NFT တွေကို စတင် ရောင်းချမှာ ဖြစ်ပြီး NFT ထဲမှာ ကုမ္ပဏီရဲ့ သက်တမ်း ၂၆ နှစ်ကြာ အထိမ်းအမှတ်တွေ ပါဝင်ပါတယ်။ Team17 ဟာ Reality Gaming Group နဲ့ ပူးပေါင်းကာ NFT တွေ ဖန်တီးတဲ့ စီမံကိန်းကို လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး NFT ရောင်းချရတဲ့ ငွေကြေးထဲက တချို့တဝက်ကို ReFeed Farms ကို လှူဒါန်းမှာ ဖြစ်ပါတယ်။
Team17 က NFT တွေ ရောင်းချမယ့် ဈေးကွက်၊ ဝယ်ယူနိုင်မယ့် ဒစ်ဂျစ်တယ် ငွေကြေး စတဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။
NFT တွေဟာ အလားအလာ ကောင်းပြီး အကျိုးအမြတ် များပြားနိုင်တဲ့အတွက် ဂိမ်း ကုမ္ပဏီတွေ ဝင်ရောက်လာမှု ပိုမိုများပြားလာနေကြပါတယ်။ ဒါပေမယ့် NFT တွေဟာ Cryptocurrency တွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ၊ အငြင်းပွားမှုတွေလည်း ရှိနေပါတယ်။
NFT ဟာ ဓါတ်ပုံ၊ ဗီဒီယို၊ ပန်းချီ၊ သီချင်းတို့လို ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain နည်းပညာနဲ့ မှတ်သားထားပါတယ်။ NFT တွေကို Bitcoin လို ဒစ်ဂျစ်တယ် ငွေကြေးတွေနဲ့ ဝယ်ယူနိုင်ပါတယ်။
Ref : nintendolife