Expert RAW app ကို လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာတုန်းက Galaxy S21 Ultra အတွက် စပြီး ထုတ်ပေးခဲ့တာပါ။ အခုတော့ Samsung ဟာ ဒီ App ကို အခြား Device တွေဆီ ပို့ဆောင်ပေးဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ Expert RAW ဟာ Samsung Device က ကင်မရာတွေမှာ Granular controls လုပ်ဆောင်ပေးနိုင်ပါတယ်။
အခုအချိန်အထိတော့ Expert RAW လုပ်ဆောင်ချက်ကို Galaxy S22 Ultra နဲ့ Galaxy S21 Ultra မှာပဲ သုံးလို့ရပါသေးတယ်။ တစ်နည်းအားဖြင့် အဆင့်မြင့်မော်ဒယ်တွေမှာပဲ ဒီလုပ်ဆောင်ချက်ကို ပြုလုပ်နိုင်သေးတာလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားက Samsung ရဲ့ တရားဝင်ဖိုရမ်တွေမှာ ပျံ့နှံ့နေတဲ့သတင်းအရ Expert RAW ကို အခြား Galaxy Devices တွေလည်း ရရှိဖို့ ရက်ပိုင်းပဲလိုတော့တာ ဖြစ်ပါတယ်။
Expert RAW app ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကစပြီး ပိုမိုများပြားတဲ့ Galaxy device တွေမှာ သုံးခွင့်ပေးမှာဖြစ်သလို App ရဲ့ Beta ဗားရှင်းကလည်း Stable ဗားရှင်းအဖြစ် ပြောင်းလဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ဓါတ်ပုံဝါသနာရှင်တွေအတွက်တော့ စိတ်လှုပ်ရှားစရာသတင်းကောင်းတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။
Expert RAW နဲ့အတူ ကင်မရာဆက်တင်တွေကို လိုအပ်သလိုပြုပြင်ပြောင်းလဲနိုင်ပြီး စိတ်ကူးထားသလို အကောင်းဆုံးရိုက်ချက်တွေကို ဘယ်လောက်ထိပုံဖော်နိုင်မယ်ဆိုတာကိုလည်း စောင့်ကြည့်ချင်စရာပါပဲ။ Expert RAW ကို ဘယ်မော်ဒယ်တွေမှာ ရရှိနိုင်မလဲဆိုတာကို အတိအကျဖော်ပြထားခြင်းမရှိပေမဲ့ Flagship တွေမှာပဲ ရရှိနိုင်မယ်လို့ ဆိုထားပါတယ်။
Galaxy Z Fold 3, Flip 3, Galaxy S20 Ultra နဲ့ Galaxy Note 20 Ultra တို့လို ပရီမီယံဖုန်းတွေမှာ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အခြားတစ်ဖက်မှာတော့ Galaxy A စီးရီးဖုန်းတွေအနေနဲ့ ဒီ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဖို့ အခွင့်အလမ်းနည်းပါးတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Samsung ရဲ့ တရားဝင်ထုတ်ပြန်မှုကိုပဲ စောင့်ဆိုင်းကြရမှာ ဖြစ်ပါတယ်။
Ref: SAMMOBILE