လွန်ခဲ့တဲ့အောက်တိုဘာတုန်းက realme ရဲ့ ဒုတိယဥက္ကဋ္ဌ Mr. Madhav Sheth က ၂၀၂၀ ဇူလိုင်တုန်းက ကြေညာခဲ့တဲ့ realme ရဲ့ 125W UltraDART အားသွင်းနည်းပညာကို စီးပွားဖြစ်ထုတ်လုပ်တော့မယ်လို့ သီးသန့်အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ဖူးပါတယ်။ Sheth ပြောတာ မဖြစ်လာသေးပေမဲ့ 125W နီးပါးမြန်တဲ့ အားသွင်းနည်းပညာတော့ ဖြစ်လာပြီလို့ ပြောလို့ရပါတယ်။

လာမဲ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့ Mobile World Congress (MWC) မှာ ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်းအားသွင်းနည်းပညာကို မိတ်ဆက်မယ်လို့ realme က ကြေညာလိုက်ချိန်မှာ ဒီမြန်နှုန်းက ဘယ်ပမာဏအထိရှိမလဲဆိုတဲ့ မေးခွန်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အခုတော့ ပေါက်ကြားဓါတ်ပုံတွေအရ realme ရဲ့အားသွင်းမြန်နှုန်းက 120W အထိ အသုံးပြုနိုင်မယ်ဆိုတာ သိလိုက်ကြရပြီ ဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ရုပ်ပုံမှာ မဖြန့်ချိရသေးတဲ့ realme ရဲ့ Charger တစ်ခုကို မြင်တွေ့ရပါတယ်။ မော်ဒယ်ကုဒ် VCK8HACH နဲ့ Power Delivery protocol ကို ပံ့ပိုးပေးတဲ့ (20V/10A) 200W အားသွင်းစနစ်နဲ့ Charger ဟာ ဖြန့်ချိခြင်း မပြုရသေးပါဘူး။ လက်ရှိ realme စမတ်ဖုန်းတွေကလည်း 65W ကိုပဲ အမြင့်ဆုံးထောက်ပံ့ပေးထားတာပါ။ ဒါပေမဲ့ realme ဟာ 80W နဲ့ 150W အားသွင်းမြန်နှုန်းနဲ့ စမတ်ဖုန်းတွေကို လုပ်ဆောင်နေပြီလို့လည်း ကောလာဟလတွေ ထွက်ရှိနေပါသေးတယ်။

တစ်ဖက်မှာတော့ OPPO က 160W power adapter တွေကိုအသုံးပြုပြီး သူ့ရဲ့စမတ်ဖုန်းတွေကို 150W နဲ့ အားသွင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် realme ရဲ့ 200W adapter ဟာ သိပ်ပြီးအထူးအဆန်းလို့ မဆိုသာပါဘူး။ Xiaomi ကလည်း 4,000mAh ဘက်ထရီကို ၁၅ မိနစ်အတွင်း 0-100% အထိ အားသွင်းပြသွားပြီးပါပြီ။ သူ့ရဲ့ 200W HyperCharge နည်းပညာကို ပြီးခဲ့တဲ့နှစ်က သရုပ်ပြခဲ့ပြီးဖြစ်တာကြောင့် realme ရဲ့ 200W အားသွင်းနည်းပညာက အလျင်မြန်ဆုံးလို့ မဆိုနိုင်ပါဘူး။

ဒါပေမဲ့ Xiaomi ကလည်း သူ့ရဲ့ 200W အားသွင်းနည်းပညာကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သေးတာမဟုတ်ပါဘူး။ ဒီနှစ်ဇွန်လမှပဲ အမြောက်အမြား ထုတ်လုပ်နိုင်မယ်လို့ ကောလာဟလထွက်ထားတာပါ။ ကပ်သီးကပ်သတ်ပြောရရင်တော့ 200W ချင်းတူရင်တောင် ဈေးကွက်ထဲအရင်ရောက်သူကပဲ ကမ္ဘာ့အမြန်ဆုံးလို့ကြွားလို့ရမှာပါ။ ဒါမှမဟုတ် realme ရဲ့ မြန်နှုန်းက ထင်ထားတာထက် ပိုများဖို့လိုအပ်နေပါတယ်။

Ref: GSM Arena