Blockchain လေ့လာဆန်းစစ်တဲ့ အဖွဲ့အစည်း Elliptic က ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဒေါ်လာ သန်း ၁၀၀ ကျော်ဖိုး NFT တွေ ခိုးယူခံရတယ်လို့ ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ခိုးယူခံရတဲ့ ပမာဏ ဖြစ်တယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။

NFT or Non-fungible Token ဟာ ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain မှာ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

Elliptic က ဆိုက်ဘာ သူခိုးတွေဟာ ပျမ်းမျှအားဖြင့် ခိုးယူမှု ၁ ခုမှာ ဒေါ်လာ ၃ သိန်းလောက် ရနေတယ်လို့ ပြောပါတယ်။ ၂၀၂၂ ခုနှစ် မေလ ၁ လထဲမှာ ဒေါ်လာ ၂၄ သန်းတန်ကြေးရှိတဲ့ NFT တွေ ခိုးယူခံရပြီး ဇူလိုင်လမှာ စံချိန်တင် အနေနဲ့ NFT ပေါင်း ၄,၆၀၀ ခိုးယူခံရပါတယ်။

Elliptic က “ တကယ် ခိုးယူခံရတဲ့ အရေအတွက်ဟာ ဒီထက် မြင့်မားနိုင်ပါတယ်။ တချို့ ခိုးယူခံရမှုတွေကို တိုင်ကြားခြင်း မရှိပါဘူး။ “ လို့ ပြောပါတယ်။

စစ်တမ်းအရ ၂၀၂၂ ခုနှစ်မှာ ခိုးယူခံရတဲ့ NFT တွေရဲ့ ၂၃ ရာခိုင်နှုန်းဟာ Discord လို လူမှုကွန်ရက် ပလက်ဖောင်းတွေက ဖြစ်ပြီး Phishing Message တွေ ပေးပို့ကာ ခိုးယူကြတာလို့ ပြောပါတယ်။

တခြား ခိုးယူတဲ့ နည်းလမ်းတွေက Phishing Email , Malicious Website တွေ ဖြစ်ပြီး ဒီလ အစောပိုင်းက Solana ခိုးယူမှုက Mobile Wallet က လုံခြုံရေးဟာကွက်ကို အသုံးချသွားတာ ဖြစ်ပါတယ်။ ခိုးယူခံရတဲ့ အထဲမှာ တန်ဖိုးအကြီးဆုံးက CryptoPunk #4324 ဖြစ်ပြီး ဒေါ်လာ ၄၉၀,၀၀၀ တန်ကြေးရှိပါတယ်။

Ref : decrypt