ဂျပန် ကုမ္ပဏီ SkyDrive က SD-05 ကားပျံ ဒီဇိုင်းကို ပြသလိုက်ပါတယ်။ SD-05 ဟာ တီထွင်နေဆဲ အဆင့်မှာပဲ ရှိသေးပြီး အိုဆာကာမှာ ကျင်းပမယ့် World Expo 2025 မှာ အသုံးပြုမှာပါ။

SkyDrive SD-05 မှာ လူ ၂ ယောက်စီးလို့ရပြီး လျှပ်စစ် စွမ်းအင်နဲ့ မောင်းနှင်ပါတယ်။ မြေပြင် ကနေ ဝေဟင်၊ ဝေဟင် ကနေ မြေပြင် ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်ပါတယ်။ အရွယ်အစား အပြည့်အစုံက 9.4 x 9.4 x 2.7 Meters ရှိပြီး ၁,၁၀၀ ကီလိုဂရမ် အလေးချိန်ကို သယ်ဆောင်နိုင်ပါတယ်။ ၁၀ ကီလိုမီတာ (၆.၂ မိုင်) မောင်းနှင်နိုင်ပြီး အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီကို ၁၀၀ ကီလိုမီတာ ( ၆၂ မိုင်) ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ကားပျံကို ဖန်တီးနေဆဲ ဖြစ်တဲ့အတွက် ဒီဇိုင်းနဲ့ Specs တွေ ပြောင်းလဲသွားနိုင်ပါတယ်။

SkyDrive's SD-05 flying car unveiled for future air taxi in japan

SkyDrive ဟာ ပထမဆုံး မော်ဒယ် ဖြစ်တဲ့ လူ ၁ ယောက်စီး SD-03 ကို ၂၀၂၀ ခုနှစ် ဩဂုတ်လက စမ်းသပ်ပျံသန်းခဲ့ပါတယ်။ SD-05 ကတော့ လူ ၂ ယောက်စီး ဖြစ်ပြီး ကိုယ်ထည်ကို ငှက်တွေလို တည်ဆောက်ထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

SkyDrive ရဲ့ ဒီဇိုင်း ဒါရိုက်တာ Takumi Yamamoto က “ ကားပျံ စီမံကိန်းအတွက် ဒါဟာ နောက်ထပ် ခြေလှမ်း ဖြစ်ပါတယ်။ SD-03 ကို ကြေညာထားတာ ၂ နှစ်ကြာပြီဖြစ်ပြီး ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ ပထမဆုံး ပျံသန်းမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အခုတော့ SD-05 ကို ကြေညာနိုင်တာ အလွန် ဝမ်းမြောက်မိပါတယ်။ “ လို့ ပြောပါတယ်။

SkyDrive ဟာ ပိုမို ဘေးကင်းလုံခြုံပြီး လူတွေရဲ့ နေ့စဉ်ဘဝမှာ အသုံးပြုနိုင်တဲ့ ကားပျံတွေကို ဆက်လက် ဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။

Ref : inceptivemind