ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဟာ Crypto လောကအတွက် အဆိုးရွားဆုံးနှစ်လို့ ဆိုရပါမယ်။ ကမောက်ကမတွေဖြစ်ပြီး တန်ဖိုးတွေထိုးကျသွားတာကြောင့် ဆုံးရှုံးမှုကြီးတွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။ လူမသိ၊ သူမသိပျောက်ဆုံးသွားတဲ့ Crypto တွေလည်း အများကြီးရှိသလို၊ လူကြိုက်များထင်ရှားပြီး ခိုင်မာလှပါတယ်ဆိုတဲ့ Crypto တွေလည်း အထိနာခဲ့ကြတာတွေ ရှိပါတယ်။

BTC.com ထိုးဖောက်ခံရခြင်း
လဲရာသူခိုးထောင်း ဆိုသလိုပါပဲ တန်ဖိုးကျနေတဲ့ ကြားက ခိုးယူခံရမှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ နောက်ဆုံး နှစ်ကုန်ပိုင်းမှာ ဆိုက်ဘာရာဇဝတ်ကောင်တွေဟာ BTC.com ကို ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဒေါ်လာ ၃ သန်းခန့်တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို ရယူသွားခဲ့ပါတယ်။ BTC.com ဟာ ကမ္ဘာပေါ်က အကြီးမားဆုံး Cryptocurrency mining pools တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

Mining pool tracker အရဆိုရင် BTC.com ဟာ ကွန်ရက်ရဲ့ စုစုပေါင်း Hashrate အရ ၂.၆၆% ရှိနေတဲ့ သတ္တမမြောက်နေရာက Cryptocurrency mining pool ပဲ ဖြစ်ပါတယ်။ BTC.com ရဲ့ ထိုးဖောက်ခံရမှုမှာ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု ဒေါ်လာ ၂.၃ သန်းဖိုးနဲ့ ဖောက်သည်တွေပိုင်ဆိုင်တဲ့ ဒေါ်လာ ၇ သိန်းတန်ကြေးရှိ ပိုင်ဆိုင်မှုအချို့ ဆုံးရှုံးခဲ့ရတယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ပါတယ်။


ဂျပန်မှာ Kraken ရပ်ဆိုင်းခြင်း
အမေရိကန်အခြေစိုက် Cryptocurrency exchange ဖြစ်တဲ့ Kraken ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ဆုံးချိန်မှာ ဂျပန်နိုင်ငံတွင်း သူတို့ရဲ့လည်ပတ်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။ အကြောင်းရင်းကတော့ တစ်ကမ္ဘာလုံးက မရေရာတဲ့ ဈေးကွက်အခြေအနေတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဇန်နဝါရီလ ၃၁ ရက်နေ့နောက်ဆုံးထားပြီး Financial Service Agency (JFSA) မှာ မှတ်ပုံတင်ထားရှိတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် ဖောက်သည်တွေအနေနဲ့ သူတို့ရဲ့ Fiat နဲ့ Crypto ပိုင်ဆိုင်မှုတွေကို ရုပ်သိမ်းဖို့ လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Kraken က သူတို့အနေနဲ့ ငွေကြေးအပြည့်အဝထောက်ပံ့ထားတာကြောင့် ဖောက်သည်တွေအနေနဲ့ သူတို့ရဲ့ ငွေတွေကို ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း Kraken ဟာ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေအတွက် ဝယ်လိုအားနည်းနေတာကြောင့် သူ့ဝန်ထမ်းတွေရဲ့ ၃၀ ရာခိုင်နှုန်း (အကြမ်းဖျင်းအားဖြင့်) ဝန်ထမ်းဦးရေ ၁၁၀၀ နီးပါးကို လျော့ချမယ်လို့ ပြောခဲ့ပါတယ်။


ဗင်နီဇွဲလားဘဏ်များ အကောင့်များကို ရပ်တန့်ထားခြင်း
ဗင်နီဇွဲလား ပုဂ္ဂလိကဘဏ်တွေဟာ ၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး Crypto-to-fiat နဲ့ Fiat-to-crypto အရောင်းအဝယ်ပြုလုပ်ရာမှာ အကောင့် ၇၅ ခုကျော်ကို ရပ်တန့် ပိတ်ပင်ထားကြောင်း Bitcoin.com က Crypto-focused law firm Legalrocks ကို ကိုးကားပြီး အစီရင်ခံခဲ့ပါတယ်။ ပိတ်ပင်ခံရတဲ့အကောင့်တွေဟာ “Peer-to-Peer” (P2P) ငွေပေးငွေယူလှုပ်ရှားမှုတွေမှာ ပါဝင်နေတယ်လို့လည်း သိရပါတယ်။

မှတ်ပုံမတင်ထားတဲ့ Crypto Exchange တွေကို ဖိလစ်ပိုင်သတိပေး
မှတ်ပုံမတင်ထားတဲ့ Cryptocurrency exchange တွေကို ပြည်သူတွေအနေနဲ့ အသုံးမပြုကြဖို့ ဖိလစ်ပိုင်နိုင်ငံရဲ့ Securities and Exchange Commission (SEC) က သတိပေးထားကြောင်း Cointelegraph က ဖော်ပြထားပါတယ်။ SEC ဟာ “မကြာသေးခင်က ကြီးမားတဲ့ အပြည်ပြည်ဆိုင်ရာ Cryptocurrency လဲလှယ်မှုပြိုကျခြင်း” နဲ့ပတ်သက်ပြီးတော့လည်း သတိပေးထားပါသေးတယ်။

တချို့ Exchange တွေဟာ တရားမဝင်ခွင့်ပြုထားတာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ ပလက်ဖောင်းတွေကို အသုံးပြုဖို့နဲ့ အွန်လိုင်းအကောင့်ဖွင့်လှစ်ဖို့အသုံးပြုကြတယ်လို့ ဆိုပါတယ်။ ဒီလဲလှယ်မှုတွေဟာ အန္တရာယ်များပြီး ရံဖန်ရံခါ လိမ်လည်လှည့်ဖြားနိုင်တဲ့ အမျိုးမျိုးသောထုတ်ကုန်တွေနဲ့ အစီအမံတွေကို ဖြစ်ပေါ်စေတယ်လို့ SEC က ပြောပါတယ်။

Ref: Outlookindia