Meta ကို ဒဏ်ငွေရိုက်တဲ့ သတင်းတွေ မကြာခဏကြားနေရပါတယ်။ Facebook, Instagram နဲ့ WhatsApp တို့ကို ပိုင်တဲ့ Meta ဟာ ဝေဖန်မှုများစွာကို ခံနေရပါတယ်။ ဒီလ ၄ ရက်နေ့မှာ Meta ကို ဥရောပသမဂ္ဂက ဒေါ်လာ သန်း ၄၀၀ ဒဏ်ငွေရိုက်လိုက်ပါတယ်။ အိုင်ယာလန် Privacy အာဏာပိုင်တွေက Meta ရဲ့ ကြော်ငြာတွေနဲ့ ဒေတာ ကိုင်တွယ်တဲ့ နည်းလမ်းတွေဟာ ဥရောပသမဂ္ဂရဲ့ Privacy ဥပဒေ တချို့ကို ချိုးဖောက်နေတယ်လို့ တိုင်ကြားပြီးနောက်မှာ အခုလို ဒဏ်ငွေ ရိုက်လိုက်တာပါ။
Irish Data Protection Commission က Meta ဟာ ပြစ်ဒဏ် ၂ ခုအတွက် ဒဏ်ငွေပေးရမယ်လို့ ပြောပါတယ်။ ၁ ခုက EU General Data Protection Regulation ကို ချိုးဖောက်တဲ့အတွက် ဒဏ်ငွေ ယူရို သန်း ၂၁၀ နဲ့ နောက် ၁ ခုက အလားတူ ဥပဒေကိုပဲ Instagram က ချိုးဖောက်တဲ့အတွက် ဒဏ်ငွေ ယူရို သန်း ၁၈၀ ဖြစ်ပါတယ်။
အဲဒီဒဏ်ငွေ ၂ ခုကို ပေါင်းလိုက်ရင် Meta ဟာ ဒေါ်လာ သန်း ၃၉၀ လောက် ဒဏ်ငွေပေးဆောင်ရမှာပါ။ အဲဒီ ပြစ်မှုတွေကို အိုင်ယာလန် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတာ ကြာပြီ ဖြစ်ပြီး အခုမှ အပြီးသတ်သွားတာ ဖြစ်ပါတယ်။ ဥရောပ သမဂ္ဂရဲ့ GDPR အကျိုးစတင်သက်ရောက်တဲ့ ၂၀၁၈ ခုနှစ် မေလ ၂၅ ရက်နေ့ကတည်းက စတင် စုံစမ်းစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
အခု ပြစ်ဒဏ်ဟာ Meta အတွက် တော်တော် အထိနာစေမှာ ဖြစ်ပြီး Meta ဟာ ၂၀၂၂ ခုနှစ်မှာလည်း ကံမကောင်းတဲ့ နည်းပညာ ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် ကုမ္ပဏီဟာ ဆုံးရှုံးမှုတွေ နည်းပါးစေဖို့ ဝန်ထမ်းများစွာကို လျှော့ချခဲ့ရပါတယ်။ ကုမ္ပဏီဟာ Zuckerberg ရဲ့ Metaverse စီမံကိန်းအတွက်လည်း ငွေကြေးများစွာ ဆုံးရှုံးနေပါတယ်။ အခုတော့ နောက်ထပ် ဒဏ်ငွေတွေ ပေးဆောင်ရတော့မှာပါ။
Ref : gizchina