Samsung ဟာ Foldable ဖုန်းစျေးကွက်ကို အစောဆုံးဝင်ရောက်ခဲ့တဲ့ကုမ္ပဏီတစ်ခုဖြစ်သလို လက်ရှိအချိန်အထိ ဦးဆောင်နိုင်နေဆဲလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ OPPO ၊ Xiaomi အစရှိတဲ့ကုမ္ပဏီတွေက Samsung Foldable ဖုန်းတွေထက် ဒီဇိုင်းပိုမိုလှပပြီး ပိုပါးလွှာတဲ့ Foldable ဖုန်းတွေကို အပြိုင်အဆိုင်မိတ်ဆက်နေပြီဖြစ်ပါတယ်။

Samsung ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Galaxy Z Fold4 ဖုန်းဆိုရင် တခြားသော စျေးကွက်ထဲက Foldable ဖုန်းတွေနဲ့ယှဥ်ရင် S Pen အသုံးပြုနိုင်တာ၊ Water Resistant ပါဝင်တာအပြင် Software ပိုင်းမှာပဲ အနည်းငယ်အားသာနေပြီး ကျန်တဲ့ Display ၊ Design နဲ့ Camera ပိုင်းတွေမှာ နောက်ကောက်ကျနေပြီလို့တောင် ပြောနိုင်ပါတယ်။

ဒါကြောင့် Samsung ကနေ ယခုနှစ် ဒုတိယနှစ်ဝက်ဝန်းကျင်မှာ မိတ်ဆက်သွားမယ့် Galaxy Z Fold5 ဖုန်းကို ကင်မရာပိုင်းအပြင် Display ပိုင်းကိုပါ အဓိကအဆင့်မြှင့်တင်မှုတွေ အများအပြားပြုလုပ်သွားမှာဖြစ်ပါတယ်။

ကင်မရာပိုင်းမှာ Galaxy Z Fold5 ဖုန်းဟာ Samsung Foldable ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 108MP Main Camera ကို ပြောင်းလဲအသုံးပြုသွားမှာဖြစ်ပါတယ်။ အဆိုပါ 108MP Camera Sensor ဟာ မနှစ်တုန်းကမိတ်ဆက်ခဲ့တဲ့ Galaxy S22 Ultra မှာအသုံးပြုထားတဲ့ Camera Sensor နဲ့ဆင်တူမယ်လို့ သိရပါတယ်။ 108MP Main Camera အပြင် 2x Optical Zoom ကို ထောက်ပံ့ပေးနိုင်တဲ့ 64MP Telephoto Sensor ၊ 16MP Ultrawide Sensor တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

နောက်ထပ်ကြီးမားတဲ့ပြောင်းလဲမှုကတော့ Display ပိုင်းဖြစ်ပြီး Galaxy Z Fold5 ဟာ Samsung Foldable ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ အလယ်က ခေါက်ချိုးရာ (Crease) ကို မြင်တွေ့ရမှာမဟုတ်တဲ့ Foldable Display နည်းပညာကို စတင်အသုံးပြုလာမှာဖြစ်ပါတယ်။ အခုလိုမျိုး အသုံးပြုနိုင်ဖို့အတွက် Samsung ကနေ Dumbbell Hinge လို့ Internal Codename ပေးထားတဲ့ Waterdrop Structure အသစ်ကို ပြောင်းလဲအသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိ Samsung Foldable ဖုန်းတွေလိုမဟုတ်ဘဲ Galaxy Z Fold5 ဖုန်းဟာ ခေါက်ထားတဲ့အချိန်မှာ ကြားထဲမှာဟနေမှာမဟုတ်ဘဲ လုံးဝ Flat ဖြစ်နေမှာပါ။

ဘာပဲဖြစ်ဖြစ် Samsung Galaxy Z Fold5 ဖုန်းဟာ ကြီးမားတဲ့အဆင့်မြှင့်တင်မှုတွေပါဝင်လာမှာသေချာနေတာကြောင့် စျေးကွက်အတွင်းမှာ အောင်မြင်မှုရရှိဦးမှာသေချာနေပါတယ်။

Ref – Phone Arena