Samsung က ဒီနှစ်မှာ Foldable စမတ်ဖုန်းတွေကို အရင်ကထက် စောကာ ဇူလိုင်လထဲမှာ ကြေညာမယ်လို့ သတင်းများစွာ ထွက်ခဲ့ပေမယ့် ဘယ်သူကမှ နေ့ရက် အတိအကျကို မပြောနိုင်ခဲ့ပါဘူး။ အခုတော့ တောင်ကိုရီးယား မီဒီယာ Chosun Media က Samsung ဟာ Galaxy Z Fold5 နဲ့ Galaxy Z Flip5 ကို ဇူလိုင်လ ၂၆ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး ဩဂုတ်လ ၁၁ ရက်နေ့ စတင် ရောင်းချမယ်လို့ ပြောပါတယ်။
Chosun Media က Samsung ဟာ ဒီတစ်ကြိမ်မှာ အမေရိကန် အစား တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မှာ Unpacked Event ကို ကျင်းပမယ်လို့ ပြောပါတယ်။
အတွင်းပိုင်း သတင်းတွေအရ Samsung ဟာ ဒီနှစ်မှာ Foldable စမတ်ဖုန်းတွေကို စောစော ကြေညာရတဲ့ အကြောင်းအရင်းက ကုမ္ပဏီရဲ့ Semiconductor လုပ်ငန်းဟာ နှေးကွေးနေလို့လို့ သိရပါတယ်။ အဲဒီ Semiconductor လုပ်ငန်းဟာ Samsung ရဲ့ မိုဘိုင်း ဌာနအတွက် အလွန် အရေးကြီးပါတယ်။
စက်တင်ဘာလမှာ ကြေညာမယ့် Apple iPhone 15 Series နဲ့ အချိန်ကွာခြားအောင် Samsung က Galaxy Z Fold5 နဲ့ Galaxy Z Flip5 ကို စောစောကြေညာတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် Samsung ရဲ့ Foldable စမတ်ဖုန်းတွေ ရောင်းအား ပိုကောင်းလာမှာ ဖြစ်ပါတယ်။
Ref : gsmarena