တရုတ် ပြည်တွင်းထုတ် ပထမဆုံး ခရီးသည်တင် လေယာဉ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြည်တွင်း ခရီးစဉ် ၁ ခုကို စတင်ပျံသန်းလိုက်ပါတယ်။ တရုတ်ဟာ ကမ္ဘာ့ လေယာဉ် ဈေးကွက်မှာ Boeing နဲ့ Airbus တို့ကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေပါတယ်။
C919 လေယာဉ်ကို Commercial Aviation Corporation of China (COMAC) က တည်ဆောက်ထားတာ ဖြစ်ပြီး အဲဒီ ခရီးစဉ်မှာ ခရီးသည် ၁၃၀ ပါပါတယ်။ လေယာဉ်ဟာ တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ Shanghai Hongqiao လေဆိပ်ကနေ ၂ နာရီကြာပျံသန်းပြီး ဘေဂျင်းကို ရောက်ခဲ့ပါတယ်။
အဲဒီ ခရီးစဉ်ကို တရုတ် နိုင်ငံပိုင် China Eastern Airlines က ပြေးဆွဲတာ ဖြစ်ပြီး လေယာဉ်ဘေးဘက်မှာ “The World’s First C919” စာသားကို ရေးထားပါတယ်။
COMAC ဟာ C919 ရဲ့ အစိတ်အပိုင်းများစွာကို ကိုယ်တိုင် ထုတ်လုပ်ထားတာ ဖြစ်ပြီး အင်ဂျင် အပါအဝင် အဓိက အစိတ်အပိုင်းတချို့ကို အနောက်နိုင်ငံတွေဆီကနေ ဝယ်ယူထားတာပါ။ ကုမ္ပဏီဟာ နှစ်စဉ် C919 လေယာဉ် အစီး ၁၅၀ ကို ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။
C919 ကို ၁၆ နှစ်ကြာ အချိန်ယူ တည်ဆောက်ထားတာ ဖြစ်ပြီး ခရီးအကွာအဝေး အများဆုံး ၃,၅၀၀ မိုင် (၅,၆၃၀ ကီလိုမီတာ) ပျံသန်းနိုင်ပါတယ်။ ခရီးသည် ၁၅၈ ယောက်ကနေ ၁၆၈ ယောက်အထိ သယ်ဆောင်နိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။
COMAC က C919 အစီးရေ ၁,၂၀၀ ကျော်ကို မှာယူထားပြီး China Eastern Airlines က ၅ စီးဝယ်ယူဖို့ စာချုပ်ချုပ်ထားတယ်လို့ ပြောပါတယ်။
Ref : time