တရုတ်ရဲ့ လျှပ်စစ်ကား ထုတ်လုပ်တဲ့ Xpeng ကုမ္ပဏီက “The Land Aircraft Carrier” လို့ အမည်ပေးထားတဲ့ ကားပျံကို ဂွမ်ဒေါင်းပြည်နယ်၊ Zhuhai မှ Airshow China 2024 မှာ အင်္ဂါနေ့က ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်းလိုက်ပါတယ်။ Xpeng ဟာ ဒီထူးခြားဆန်းသစ်တဲ့ ကားအတွက် အမှာစာ ၂,၀၀၀ ကျော် ရထားပါတယ်။ ယွမ် ၂ သန်း (၂၈၀,၀၀၀ ဒေါ်လာဝန်းကျင်) သတ်မှတ်ထားပြီး ၂၀၂၆ ခုနှစ်မှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
CarnewsChina ရဲ့ အဆိုအရ အဲဒီကားပျံမှာ အဓိက အစိတ်အပိုင်း ၂ ခု ပါပြီး “Mothership” နဲ့ လေယာဉ် ဖြစ်ပါတယ်။ “Mothership” ဟာ ကြီးမားတဲ့ ကား ဖြစ်ပြီး ၅.၅ မီတာ ရှည်လျားပါတယ်။ Hybrid Mode မှာ ၁,၀၀၀ ကီလိုမီတာ အထိ မောင်းနှင်နိုင်ပါတယ်။
လေယာဉ်ကို “Mothership” ထဲမှာ သိမ်းထားနိုင်ပြီး ခလုတ် တစ်ချက်နှိပ်တာနဲ့ ပျံသန်းနိုင်ပါတယ်။ ကားထဲမှာ လေယာဉ်ကို ပြန်သိမ်းဖို့ အချိန် ၅ မိနစ်ပဲ လိုအပ်ပါတယ်။ လေယာဉ်ဟာ ကြီးမားတဲ့ ဒရုန်းနဲ့ ဆင်တူပြီး လူ ၂ ယောက် စီးနိုင်ပါတယ်။ အားအပြည့်သွင်းထားရင် ၅ ကြိမ်၊ ၆ ကြိမ် ပျံသန်းနိုင်ပြီး “Mothership” ဟာ လေယာဉ်ရဲ့ ဘက်ထရီကို ၁၈ မိနစ်အတွင်း ၃၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။
Ref : Tech Explorers