Xiaomi Mi 10 စီးရီးကို နိုင်ငံတကာသို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ မိတ်ဆက်လာမယ်ဆိုတာကို သိထားပြီးသားပါ။ တရုတ်ပြည်တွင်းမှာတော့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာပဲ စောစောစီးစီး မြင်ရတော့မှာဖြစ်ပါတယ်။ ထွက်ရှိရက်နီးလာတာနဲ့ ကုမ္ပဏီကလည်း စမတ်ဖုန်းအသစ်အကြောင်းတွေကို တစ်ခုပြီးတစ်ခု ဖော်ပြလာပါပြီ။

ဒီတစ်ခါတော့ Mi 10 ရဲ့ တရားဝင်ပိုစတာကို မြင်ရမှာဖြစ်ကာ သူ့ရဲ့ တောက်ပတဲ့ Pink နဲ့ Blue ကာလာဗားရှင်း တွေကို မြင်ရမှာပါ။ ရှေ့ဘက်မှာ ပါဝင်တဲ့ Curved Glass နဲ့ ပါးလွှာတဲ့ Bezel တွေအပြင် အပေါ်ဘယ်ဘက်ထောင့်က ဆဲလ်ဖီ Punch-hole ကိုလည်း သေချာကြည့်ရင် တွေ့ရမှာဖြစ်ပါတယ်။ နောက်ဘက်မှာတော့ 108MP အဓိက Sensor ဦးဆောင်တဲ့ ကင်မရာလေးလုံးကို ဒေါင်လိုက်ထည့်သွင်းထားပါတယ်။

နောက်ထပ် ဖော်ပြလာတာက Geekbench 5.0 နဲ့ GFXBench Test တွေရဲ့ ရလဒ်တွေဖြစ်ပြီး Snapdragon 865 ချစ်ပ်ဆက်ရဲ့ စွမ်းအားကို ဖော်ပြလာခဲ့ပါတယ်။ Geekbench ရလဒ်မှာ Mi 10 ဟာ Single-core စမ်းသပ်မှုအတွက် 934 မှတ်တောင် ရရှိခဲ့ကာ Multi-core မှာ အထင်ကြီးစရာ 3,464 ထိ ရရှိခဲ့ပါတယ်။ ဒီရမှတ်တွေဟာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ Kirin 990 5G နဲ့ Exynos 9825 တို့အထက်က ဦးဆောင်နေသလို Snapdragon 855 မျိုးဆက်တွေထက် သိသိသာသာ ပိုများပါတယ်။

GFXBench စမ်းသပ်မှုမှာလည်း Snapdragon 865 မျိုးဆက်သစ်ချစ်ပ်ဆက်ဟာ ရှိသမျှ အမျိုးအစားအားလုံးကို ဗိုလ်စွဲခဲ့ပြန်ပါတယ်။ Xiaomi က Kryo 585 CPU နဲ့ Adreno 650 GPU တို့က ယခင် Snapdragon မျိုးဆက်ထက် စွမ်းဆောင်ရည် 25% သာလွန်မယ်ဆိုတာ ဖော်ပြထားတဲ့ ဓါတ်ပုံတစ်ခုကို တင်ထားခဲ့ပါသေးတယ်။ Mi 10 စီးရီးတွေမှာ 16GB LPDDR 5 RAM မန်မိုရီပါဝင်မယ်ဆိုတာကလည်း ဖုန်းရဲ့ Overall စွမ်းရည်ကို အားဖြည့်ပေးနေမှာပါ။

Xiaomi ရဲ့ VP ဖြစ်သူ Chang Cheng က Mi 10 Pro မှာပါဝင်တဲ့ UFS 3.0 စနစ်ကို စမ်းသပ်ပြခဲ့ရာမှာ 10GB File တစ်ခုကို ဒေတာကူးသန်းပြောင်းရွှေ့တာ ၂၂ စက္ကန့်မျှသာ ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။

Benchmark တွေဟာ အမြဲတမ်းတော့ ပြင်ပမှာ ဖုန်းတွေကို အသုံးပြုတဲ့အခါ စိတ်ကျေနပ်မှုရရှိခြင်းနဲ့ ကိုက်ညီတာ မဟုတ်ပါဘူး။ ဒါကြောင့် Xiaomi ဟာ ပုံမှန်မဟုတ်ဘဲ ထူးခြားတဲ့ နည်းလမ်းနဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကို ထပ်မံစမ်းသပ်ခဲ့ပြီး အဲ့ဒါကတော့ ပရို Rubik’s Cube ကစားသမားတစ်ယောက်နဲ့ ယှဉ်ပြိုင်ကာ Rubik’s Cube ကို ဖြေရှင်းပြခဲ့တာပါပဲ။

Rubik’s Cube ကစားသမားတွေထဲမှာ ထင်ရှားသူတစ်ဦးဖြစ်တဲ့ Yusheng Du ဟာ Rubik’s Cube ကို ဖြေရှင်းဖို့ ၆.၄၇ စက္ကန့်သာ ကြာမြင့်သူပါ။ ဒါပေမယ့် ရိုဘော့လက်တံတွေနဲ့ ချိတ်ဆက်ထားတဲ့ Mi 10 ဖုန်းတစ်လုံးကတော့ 1.43 စက္ကန့်သာ ကြာမြင့်တာကို မြင်ရမှာဖြစ်ပါတယ်။

Ref – GSM Arena