Xiaomi ဟာ ၂၀၂၀ ဖေဖော်ဝါရီလမှာ ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်မှုလုပ်ငန်းကြီးတွေအနက် တတိယနေရာကို ရောက်ရှိခဲ့ပါတယ်။ ဒါဟာ Huawei ကို ပထမဦးဆုံးအကြိမ်အဖြစ် ကျော်တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျန်ကာလတွေမှာ Huawei ရဲ့ တင်ပို့ရောင်းချမှုက Xaomi ရဲ့ အထက်မှာအမြဲရှိနေခဲ့ပေမယ့် ဖေဖော်ဝါရီလမှာတော့ Xiaomi က ပိုများခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလအတွက် Xiaomi ရဲ့ တင်ပို့ရောင်းချမှုယူနစ်ဟာ ၆ သန်းအထိ ရှိခဲ့ပြီး Huawei ကတော့ ၅.၅ သန်းသာ တင်ပို့ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်မီ ဇန်နဝါရီလမှာတုန်းကတော့ Huawei က ၁၂.၂ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး Xiaomi က ၁၀ သန်းပဲ တင်ပို့ရောင်းချနိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီမှာ Xiaomi က Huawei ထက် ပိုရောင်းရတယ်ဆိုပေမယ့် အမှတ်တံဆိပ်နှစ်ခုစလုံးအနေနဲ့ ရောင်းအားက သိသိသာသာ ကျဆင်းသွားတာကို တွေ့မြင်နိုင်ပါတယ်။ Huawei ရဲ့ ရောင်းအားဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီနဲ့ နှိုင်းယှဉ်ရင် ၇၀% အထိ ကျဆင်းသွားတာဖြစ်ပေမယ့် Xiaomi ကတော့ ၃၀% ပဲ ကျဆင်းသွားတာ ဖြစ်ပါတယ်။

Samsung ရဲ့ ဖေဖော်ဝါရီလ တင်ပို့ရောင်းချမှုဟာ ယူနစ်ပေါင်း ၁၈.၂သန်း ရှိခဲ့ပြီး ထိပ်ဆုံးမှာ ရပ်တည်နေနိုင်ခဲ့ပါတယ်။ Apple ကတော့ iPhone အလုံးရေ ၁၀ သန်းထိ တင်ပို့ရောင်းချနိုင်ခဲ့တာကြောင့် ဒုတိယနေရာကို ရောက်ရှိခဲ့ပါတယ်။ Huawei ရဲ့နောက်မှာတော့ OPPO က ၄ သန်းနဲ့ Vivo က ၃.၆ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး အစဉ်လိုက် ရပ်တည်နေတာကို တွေ့ရပါတယ်။

ဖေဖော်ဝါရီလဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကြောင့် တရုတ်နိုင်ငံတွင်း ပုံမှန်လည်ပတ်မှုတွေ ရပ်တန့်ခဲ့ရတဲ့လလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်ဈေးကွက်က ပုံမှန်အခြေအနေနီးပါး ပြန်ဖြစ်နေပေမယ့် ဥရောပဈေးကွက်ကတော့ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကို စတင်ခံစားနေရချိန် ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် မတ်လရဲ့ တင်ပို့ရောင်းချမှုတွေဟာလည်း ပုံမှန်အောက် ရောက်နေဦးမယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena