Transformers လို ရုပ်ရှင်တွေနဲ့ Titanfall လို ဂိမ်းတွေထဲမှာ အရွယ်ကြီး စက်ရုပ်တွေကို တွေ့မြင်ခဲ့ကြပြီးပါပြီ။ ဒီနေ့ခေတ်မှာ AI နဲ့ စက်ရုပ်နည်းပညာတွေဟာ အဆင့်မြင့်လာပါပြီ။

အခုတော့ Tsubame Industries အမည်ရ ဂျပန် ကုမ္ပဏီ ၁ ခုက ၄.၅ မီတာ (၁၄.၈ ပေ) အမြင့်ရှိပြီး ဘီးလေးဘီးပါတဲ့ အရွယ်ကြီး စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ ARCHAX လို့ အမည်ပေးထားပြီး ဒေါ်လာ ၃ သန်းနဲ့ ရောင်းချမှာပါ။

ARCHAX မှာ ယာဉ်မောင်း အခန်းပါပြီး စက်ရုပ်အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ကင်မရာတွေကနေ မြင်ကွင်းတွေကို ပြသပေးတဲ့ Display ပါပါတယ်။ ယာဉ်မောင်းဟာ အခန်းထဲမှာ လုံခြုံစွာ ထိန်းချုပ်နိုင်ပြီး ရန်သူတွေကို တိုက်ခိုက်နိုင်မှာပါ။

ယာဉ်မောင်းဟာ Joystick ကို အသုံးပြုကာ စက်ရုပ်ရဲ့ လက်တွေကို ထိန်းချုပ်နိုင်ပါတယ်။ စက်ရုပ်မှာ လမ်းလျှောက်နိုင်တဲ့ Robot Mode နဲ့ ၁ နာရီ ၁၀ ကီလိုမီတာနဲ့ မောင်းနှင်နိုင်တဲ့ Vehicle Mode ပါပါတယ်။

Japan startup develops 'Gundam'-like robot with $3 mln price tag | Reuters

ကုမ္ပဏီက အဲဒီ စက်ရုပ် ၅ ခုကို ထုတ်လုပ်ရောင်းချဖို့ စီစဉ်ထားပါတယ်။ ကုမ္ပဏီရဲ့ CEO Ryo Yoshida က အနာဂတ်မှာ သဘာဝဘေး ကယ်ဆယ်ရေးနဲ့ အာကာသစူးစမ်းလေ့လာရေးတွေမှာ အဲဒီ စက်ရုပ်ကို အသုံးပြုနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

အနာဂတ်မှာ အဲဒီစက်ရုပ်ကို ဘယ်လို အသုံးချနိုင်မလဲဆိုတာ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် လူသားတွေ ထိန်းချုပ်နိုင်တဲ့ အရွယ်ကြီး စက်ရုပ်တွေဟာ လာမယ့်နှစ်အနည်းငယ်အတွင်း များစွာ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

Ref : gizmochina