ဆီးချိုရောဂါကုသရေးနဲ့ ကိုယ်အလေးချိန်လျှော့ချရေးအတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ Ozempic ဆေးဟာ လူ့ခန္ဓာကိုယ်ရဲ့ အိုမင်းရင့်ရော်မှုကို ပြန်လည်ကောင်းမွန်စေတဲ့ အာနိသင်လည်း ရှိနိုင်ကြောင်း ဆေးဘက်ဆိုင်ရာစမ်းသပ်မှုအသစ်တစ်ခုရဲ့ ရလဒ်တွေအရ သိရပါတယ်။
အဲဒီလေ့လာမှုကို သီတင်းပတ် ၃၂ ပတ်ကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး HIV ရောဂါနဲ့ဆက်စပ်တဲ့ ခန္ဓာကိုယ်အဆီစုပုံမှုပြဿနာ ခံစားနေရသူတွေကို ပါဝင်စေခဲ့ပါတယ်။ စမ်းသပ်မှုအပြီးမှာတော့ Ozempic ဆေးသုံးစွဲခဲ့တဲ့ ပါဝင်သူတွေဟာ ဇီဝကမ္မဖြစ်စဥ်အရ (biologically) ၃.၁ နှစ်အထိ ပြန်လည်နုပျိုလာတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရပါတယ်။
သုတေသီတွေဟာ အဲဒီဆေးက ခန္ဓာကိုယ်ကို ဆဲလ်အဆင့်အထိ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို တိုင်းတာဖို့အတွက် epigenetic clocks လို့ခေါ်တဲ့ ခေတ်မီနည်းပညာကို အသုံးပြုခဲ့ကြပါတယ်။ စစ်ဆေးချက်တွေအရ အဲဒီဆေးဟာ ဦးနှောက်နဲ့ ကိုယ်ခံအားစနစ်ရဲ့ အိုမင်းရင့်ရော်မှုဖြစ်စဥ်ကို ၅ နှစ်နီးပါးအထိ နှေးကွေးသွားစေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ကျွမ်းကျင်သူတွေကတော့ ဒီလိုဖြစ်ရတာဟာ Ozempic ဆေးရဲ့ အဓိကအာနိသင်တွေကြောင့်လို့ ယုံကြည်နေကြပါတယ်။ အဲဒါတွေကတော့ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တာနဲ့ ကိုယ်တွင်းကလီစာတွေမှာရှိတဲ့ အန္တရာယ်ရှိတဲ့အဆီတွေကို လျော့ကျစေတာပဲ ဖြစ်ပါတယ်။ ဒီအချက်နှစ်ခုလုံးဟာ အိုမင်းရင့်ရော်မှုကို အဓိကဖြစ်စေတဲ့ အကြောင်းရင်းတွေအဖြစ် သိပ္ပံပညာရှင်တွေက အသိအမှတ်ပြုထားပြီးသား ဖြစ်ပါတယ်။
ဒီတွေ့ရှိချက်ဟာ အားလုံးအတွက် အိုမင်းရင့်ရော်မှုကို တားဆီးပေးတဲ့ဆေးလို့ တရားဝင်သတ်မှတ်ဖို့ စောလွန်းနေသေးပေမယ့်၊ ဒီရလဒ်တွေက Ozempic ရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ semaglutide မှာ အစွမ်းထက်တဲ့ အသုံးဝင်မှုအသစ်တွေ ရှိနေတယ်ဆိုတာကို ညွှန်ပြနေပါတယ်။ ဒီတွေ့ရှိချက်ကြောင့် အနာဂတ်မှာ လူသားတွေရဲ့ အသက်ရှည်ကျန်းမာရေးအတွက် လမ်းသစ်တွေ ပွင့်လာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။
Ref : Fossbytes