OpenAI ရဲ့ အကြီးအကဲ Sam Altman နဲ့ ပတ်သက်ပြီး အတော်လေး ဂယက်ထသွားစေမယ့် သတင်းတစ်ပုဒ် ထွက်လာပါတယ်။ New Yorker မဂ္ဂဇင်းက OpenAI ရဲ့ အတွင်းလူတွေကို မေးမြန်းပြီး ရေးသားထားတဲ့ အစီရင်ခံစာအရ Sam Altman ဟာ ကုဒ်ရေးတဲ့နေရာမှာရော Machine Learning နည်းပညာပိုင်းမှာပါ ကျွမ်းကျင်မှု အားနည်းနေတယ်လို့ သိရပါတယ်။

အဲဒီကုမ္ပဏီမှာရှိတဲ့ အင်ဂျင်နီယာတွေရဲ့ ပြောပြချက်အရ Altman ဟာ ပရိုဂရမ်ရေးတဲ့ အတွေ့အကြုံ အကန့်အသတ်ပဲရှိပြီး တချို့အချိန်တွေမှာ အခြေခံ AI အသုံးအနှုန်းတွေကိုတောင် အချင်းချင်း ရောထွေးမှားယွင်း ပြောဆိုတတ်တယ်လို့ ဆိုပါတယ်။ သူဟာ OpenAI မှာ နည်းပညာပိုင်းဆိုင်ရာ နက်နက်နဲနဲ သိလို့ထက် စီမံခန့်ခွဲမှုနဲ့ ဗျူဟာမြောက် ဦးဆောင်နိုင်မှုတွေကြောင့်သာ ဩဇာကြီးမားလာတာ ဖြစ်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။
OpenAI ရဲ့ သုတေသနပညာရှင်ဟောင်း Carroll Wainwright ကတော့ Altman ဟာ အလုပ်လုပ်တဲ့အခါ “မူဘောင်တွေ၊ စည်းမျဉ်းတွေ” ကို အသေအချာ ချမှတ်လေ့ရှိပေမဲ့ တကယ်တမ်း အဲဒီစည်းမျဉ်းတွေက သူ့အတွက် အဟန့်အတား ဖြစ်လာပြီဆိုရင်တော့ ပြန်ဖျက်ပစ်လေ့ရှိတယ်လို့ ဝေဖန်ခဲ့ပါတယ်။
ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Microsoft ရဲ့ အမှုဆောင်အရာရှိတစ်ဦးက Altman ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့တာပါ။ သူက Sam Altman ဟာ နောင်တစ်ချိန်မှာ အတိတ်က ငွေကြေးဆိုင်ရာ အရှုပ်တော်ပုံတွေနဲ့ နာမည်ပျက်ခဲ့တဲ့သူတွေလိုမျိုး မှတ်တမ်းတင်ခံရဖို့ “နည်းပါးပေမဲ့ တကယ့်ကို ဖြစ်နိုင်ခြေရှိတဲ့ အခွင့်အလမ်း” တစ်ခု ရှိနေတယ်လို့ ဆိုပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံး AI ကုမ္ပဏီရဲ့ ခေါင်းဆောင်အပေါ်မှာ တော်တော်လေး ပြင်းထန်တဲ့ သုံးသပ်ချက်တစ်ခု ဖြစ်နေပါတယ်။
Ref : Fossbytes