Apple ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက MacBook Pro 13″ ၊ MacBook Air နဲ့ Mac Mini ကွန်ပျူတာတွေမှာ စတင်ပြီး ပထမဆုံးကိုယ်ပိုင် Chipset ဖြစ်တဲ့ M1 Chip ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ အဆိုပါ Apple M1 Chip ဟာ စွမ်းဆောင်ရည်ပိုင်းမှာ ယခင် Intel Processor တွေကို လုံးဝကို နောက်ကောက်ချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီအတွက် Apple အနေနဲ့ တခြား iMac 24″ အပြင် iPad Pro အသစ်တွေမှာပါ M1 Chip ကို ထည့်သွင်းအသုံးပြုနေပြီဖြစ်ပါတယ်။ လာမယ့်လပိုင်းမှာလည်း ပိုကောင်းတဲ့ M1X Chip ကို အသုံးပြုလာမယ့် MacBook Pro အသစ်တွေကိုလည်း မိတ်ဆက်ဖို့ စီစဥ်ထားပါသေးတယ်။

ဒီလိုမျိုး Apple ရဲ့ ကိုယ်ပိုင် M1 Chip ဟာ စွမ်းဆောင်ရည်ကောင်းမွန်ပေမယ့်လည်း အားနည်းချက်အနေနဲ့ Productivity Software အကုန်လုံးက လုံးဝလိုက်ဖက်စွာအလုပ်မလုပ်နိုင်သေးတာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Adobe ကနေ နာမည်ကြီး Video Editing Software တစ်ခုဖြစ်တဲ့ Adobe Premiere Pro ကို M1 Chip အတွက် Stable Version ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အခု M1 Chip ကို သီးသန့် Support ပြုလုပ်ထားတဲ့ Version ကို အသုံးပြုမယ်ဆိုရင် Launch ပြုလုပ်တဲ့အချိန်မှာ ၅၀ ရာခိုင်နှုန်းနဲ့ Video Editing ပြုလုပ်တဲ့အချိန်မှာ ၇၇ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်လာစေမယ်လို့ သိရပါတယ်။

Adobe ဟာ M1 Chip အတွက် သီးသန့် Support ပြုလုပ်တဲ့ Productivity Software တွေကို အမြန်ဆုံးမိတ်ဆက်နိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာ Lightroom ၊ Photoshop ၊ Lightroom Classic ၊ Illustrator ၊ InDesign ၊ Character Animator အပြင် Media Encoder တွေပါ Support ပြုလုပ်နိုင်နေပြီဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Adobe Premiere Pro ကို M1 Chip အသုံးပြုထားတဲ့ Apple Mac ကွန်ပျူတာတွေမှာ ကောင်းကောင်းအသုံးပြုနိုင်တာက Video Creator တွေနဲ့ Editor တွေအတွက်တော့ လုံးဝသတင်းကောင်းတစ်ခုဖြစ်မှာ သေချာပါတယ်။

Ref – The Verge