Apple ဟာ အခုဆိုရင် AirPods Pro ကို မိတ်ဆက်ထားခဲ့တာ နှစ်အတော်ကြာနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း AirPods Pro 2 ကို မိတ်ဆက်ဖို့သတင်းထွက်ရှိသေးခြင်းမရှိသေးသလို ပြီးခဲ့တဲ့နှစ်တုန်းကလည်း AirPods Pro ကိုပဲ MagSafe Charging Case နဲ့ အဆင့်မြင့်တင်ပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ AirPods Pro 2 ကို ယခုနှစ်အတွင်း မိတ်ဆက်မယ်လို့ ယူဆထားကြသလို စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတစ်ခုကလည်း ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒါကတော့ AirPods Pro 2 ဟာ Apple Lossless Audio Codec ဖြစ်တဲ့ ALAC ကို ထောက်ပံ့ပေးလာမှာပဲဖြစ်ပါတယ်။ အခုဆိုရင် Apple Music Library တစ်ခုလုံးနီးပါး Lossless Audio ဖြစ်နေတာကြောင့် ဒီလိုမျိုး Support ပေးလာမှာက အထူးအဆန်းမဟုတ်ဘူးလို့ မြင်နိုင်စရာရှိပါတယ်။

ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းနေတာက လက်ရှိ AirPods တွေမှာ အသုံးပြုနေတဲ့ AAC Bluetooth Codec ဟာ ALAC Codec ကို Support ပေးနိုင်ခြင်းမရှိတာကြောင့် Lossless ကို အရည်အသွေးအပြည့်နားထောင်ချင်တယ်ဆိုရင် သီးသန့် ကြိုးနဲ့ Headphone ကို အသုံးပြုပြီး နားထောင်ရမှာဖြစ်ပါတယ်။ Apple ရဲ့ အကောင်းဆုံး Active Noise Cancellation Headphone ဖြစ်တဲ့ AirPods Max လည်း ဒီအချက်ကြောင့် Lossless Audio ကို နားထောင်နိုင်ခြင်းမရှိတာဖြစ်ပါတယ်။

ဒီအတွက် Apple ကနေ AirPods Pro 2 မှာ Bluetooth အစား ကိုယ်ပိုင် Codec နည်းပညာတစ်ခုကို အသုံးပြုပြီး Apple Device တွေနဲ့ချိတ်ဆက်နိုင်အောင် ပြုလုပ်သွားမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Apple ရဲ့ Acoustics ပိုင်းဆိုင်ရာ Vice President ဖြစ်တဲ့ Gary Geaves ကနေ လက်ရှိ Bluetooth နည်းပညာဟာ Limitation တွေများနေတာကြောင့် Apple Engineer တွေအနေနဲ့ အဆိုပါ Bluetooth အစားထိုးပြီး Bandwidth ပိုများတဲ့နည်းပညာကို ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

နောက်ထပ် AirPods Pro 2 ရဲ့ Feature အသစ်ဖြစ်လာမှာကတော့ Charging Case ကနေ အသံထွက်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် AirPods မတော်တဆပျောက်ဆုံးသွားခဲ့ရင် ပြန်လည်ရှာဖွေဖို့ ပိုပြီး လွယ်ကူသွားမှာပါ။

AirPods Pro 2 မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရသေးပေမယ့် Ming Chi Kuo လိုမျိုး သုံးသပ်သူတွေကတော့ လာမယ့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကြမှပဲ iPhone 14 ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref – The Verge