Apple ဟာ AirPods Pro Lite ဗားရှင်းကို ထုတ်လုပ်မယ်လို့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက သတင်းထွက်ခဲ့တာပါ။ ကြားကာလအတွင်းမှာ ဒီသတင်းကို ထပ်ပြီးအတည်ပြုနိုင်တဲ့အကြောင်းအရာ မရှိခဲ့ပေမယ့်၊ အခုတော့ အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးက ဟုတ်မှန်ကြောင်း အတည်ပြုလိုက်ပါပြီ။

AirPods Pro Lite ဗားရှင်းဟာ ဈေးသက်သာတဲ့ အမျိုးအစားဖြစ်တာကြောင့် လူကြိုက်များတဲ့ Feature တစ်ခုဖြစ်တဲ့ Active noise cancelling တော့ ပါဝင်လာဖွယ်မရှိပါဘူး။ TheElec ရဲ့ ဖော်ပြချက်အရ၊ Cupertion အခြေစိုက် ဧရာမကုမ္ပဏီကြီးဟာ သူတို့ရဲ့ ကြိုးမဲ့နားကြပ်ဈေးကွက်ကို ချဲ့ထွင်ဖို့အတွက် ဒီလိုထုတ်ကုန်တွေပေါ်မှာ အာရုံစိုက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

သတင်းအရ Active noise cancelling မပါတဲ့ AirPods Pro Lite မူကွဲဟာ လာမယ့် ၂၀၂၁ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာပဲ ဖြန့်ချိမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ကုမ္ပဏီဟာ H1, AirPod audio driver chip ပါဝင်တဲ့ System-in-package (SiP) ထုတ်ကုန်ကို ထုတ်လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိ SiP ကတော့ လုံးဝန်းတဲ့ပုံသဏ္ဍာန်မှာရှိပြီး လာမယ့် Lite အမျိုးအစားကတော့ ရိုးရိုးစတုရန်းဒီဇိုင်းဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင် ဒီနှစ်ထဲမှာ အရည်အသွေးစစ်ဆေးမှုတွေပြုလုပ်ဖို့နဲ့ လာမယ့် ၂၀၂၁ ခုနှစ်မှာ စတင်ထုတ်လုပ်မယ်လို့လည်း ဆိုပါတယ်။ သတင်းရင်းမြစ်တွေရဲ့အဆိုအရ ဒီနားကြပ်သစ်တွေရဲ့ဈေးနှုန်းဟာ Active noise cancelling ပါဝင်တဲ့ AirPods Pro ရဲ့ ဈေးနှုန်းထက် ၂၀% လောက် လျော့နည်းမယ်လို့ သိရပါတယ်။

Ref: GSM Arena