Apple ရဲ့ AirPower Charging Mat တွေဆိုတာ ပုံပြင်တစ်ပုဒ်လိုဖြစ်နေတာ ကြာပါပြီ။ ဒါပေမယ့်လည်း Apple Fan တွေကတော့ နတ်သမီးအိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ မျှော်လင့်နေသလိုမျိုးပဲ၊ AirPower Charging Mat လည်း တစ်နေ့နေ့မှာ ထွက်လာနိုးနိုးနဲ့ စောင့်မျှော်နေကြတုန်း ဖြစ်ပါတယ်။

ကြားထဲမှာလည်း AirPower ကို မထုတ်နိုင်ရင်တောင် ပုံစံတူ 3-Party Charger ကို ရောင်းချမယ်ဆိုတဲ့သတင်း၊ AirPower Mini Wireless Charger လို့ယူဆရတဲ့ Device တစ်ခုကို စမ်းသပ်နေတဲ့သတင်းတွေ ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးမျှော်လင့်နေတဲ့ AirPower Charging Mat ကတော့ မျှော်လေတဲ့ လွမ်းဘွဲ့ကိုစေ ဖြစ်နေတုန်းပါပဲ။

တကယ်တော့ Apple ဟာ AirPower Charging Mat ကိုပြုလုပ်ရာမှာ Charger Coil တွေ အပူလွန်ကဲတဲ့ ပြဿနာကို ဖြေရှင်းလို့မရသေးတာကြောင့် ထုတ်လုပ်မှုမှာ နှောင့်နှေးနေတာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ ဒီစီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီလို့ ထုတ်ပြန်ကြေညာခဲ့ဖူးပါသေးတယ်။ ဒီကြေညာချက်ပြီးသွားတဲ့နောက် ဝမ်းသာစရာသတင်းတစ်ခု ထွက်ခဲ့ပြန်ပါသေးတယ်။

Apple ရဲ့ ယိုစိမ့်သတင်းတွေနဲ့ပတ်သက်လာရင် ယုံကြည်စိတ်ချရတဲ့ @JonProsser က ကုမ္ပဏီဟာ AirPower Charging Mat စီမံကိန်းကို လုံးဝစွန့်လွှတ်လိုက်တာမဟုတ်ဘဲ၊ ဆက်ပြီးပြုလုပ်နေတုန်းပဲလို့ အခိုင်အမာ ပြောခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် Apple Watch ကိုပါ အားသွင်းနိုင်အောင်လို့ ထည့်သွင်းစမ်းသပ်နေတယ်လို့ ဆိုခဲ့တာပါ။

အခုတော့ မျှော်လင့်ထားသမျှတွေဟာ သဲထဲရေသွန်သလို ဖြစ်ခဲ့ရပြန်ပါပြီ။ မျှော်လင့်ချက်တွေကို ဒုတိယအကြိမ် ရိုက်ချိုးလိုက်တာကတော့ @JonProsser ကိုယ်တိုင်ပါပဲ။ Apple ဟာ AirPower ရှေ့ပြေးပုံစံပြုလုပ်တာတွေ၊ စမ်းသပ်တာတွေကို ၂၀၂၁ ခုနှစ်ရဲ့အစီအစဉ်တွေကနေ ဖယ်ရှားလိုက်ပြီလို့ ပြီးခဲ့တဲ့ရက်ကပဲ တွစ်တာမှာတင်ခဲ့တာ ဖြစ်ပါတယ်။

Ref: Phone Arena