Redmi ရဲ့ K စီးရီးဟာ ကြီးမားတဲ့အောင်မြင်မှုရခဲ့ပါတယ်။ Redmi K20, K20 Pro, K20 Pro Premium တို့နဲ့စတင်ခဲ့ပြီးတဲ့နောက်၊ မတူညီတဲ့ မော်ဒယ် ၈ မျိုးနဲ့အတူ Redmi K30 စီးရီးလည်း အောင်မြင်မှုရခဲ့တာပဲ ဖြစ်ပါတယ်။ အခုတော့ Redmi K40 အကြောင်းပြောဖို့အချိန်ရောက်ပြီ ဖြစ်ပါတယ်။

လာမယ့်မျိုးဆက်သစ်မော်ဒယ်ဖြစ်တဲ့ Redmi K40 စီးရီးရဲ့ သတင်းတွေထွက်ခဲ့တာ ၅ လဝန်းကျင်လောက် ကြာမြင့်ခဲ့ပါပြီ။ အခုနောက်ဆုံးထွက်လာတာကတော့ Redmi K40 Standard မော်ဒယ်လို့ယူဆရတဲ့ ဟန်းဆက်ရဲ့ ပကတိပြင်ပဓါတ်ပုံဖြစ်ပါတယ်။ ဒီပုံကို Weibo မှာ စပြီးလွှင့်တင်ခဲ့တာဖြစ်ပေမယ့်၊ အခုအချိန်မှာ အိန္ဒိယ Leaker Sudhanshu Ambhore ကလည်း တွစ်တာမှာ မျှဝေလာတာကို တွေ့ရပါတယ်။

ပကတိပုံတွေအရ Redmi K စီးရီးဝင်ဖုန်းရဲ့ မျက်နှာပြင်၊ ကျောဘက်ကင်မရာတပ်ဆင်ပုံနဲ့ ဘေးဘောင်နှစ်ဖက်ကို မြင်တွေ့နိုင်ပါတယ်။ Redmi K40 ဟာ မျက်နှာပြင်အပေါ်ဘက်အလယ်တည့်တည့်မှာ Punch-hole နဲ့ဖြစ်ပါတယ်။ Redmi K30 တွေဟာ Selfie ကင်မရာအတွက် မတူညီတဲ့ မျက်နှာပြင်ဒီဇိုင်းတွေရှိကြတာကြောင့်၊ အခုလာမယ့် Redmi K40 စီးရီးမှာလည်း ဒီဇိုင်းပိုင်းမှာ တစ်မျိုးစီမြင်တွေ့လာရဖွယ်ရှိပါတယ်။

ကျောဘက်မှာ ကင်မရာလေးလုံး တပ်ဆင်ထားတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။ အပေါ်ဆုံးမှာတော့ ကင်မရာတစ်လုံးတည်း သီးသန့်ထားရှိပါတယ်။ ဒါဟာ ကြီးမားတဲ့အာရုံခံကိရိယာ တပ်ဆင်ထားကြောင်း ပြသနေတာပါ။ အောက်မှာတော့ အရွယ်အစားမတူတဲ့ ကင်မရာသုံးလုံးကို ပိရမစ်ဇောက်ထိုးပုံစံ နေရာချထားတာကို တွေ့ရပါတယ်။

Redmi K40 ရဲ့ အောက်ဘက်မှာ Audio jack ပါရှိပြီး၊ ဘယ်ဘက်မှာတော့ USB-C port, ညာဘက်မှာတော့ စပီကာပေါက် ရှိနေပါတယ်။ ဒီဟန်းဆက်နဲ့ပတ်သက်ပြီး ကျန်တဲ့ Key specs တွေကို မသိရသေးသလို၊ ဘယ်အချိန်မှာ ကြေညာမလဲဆိုတာကိုလည်း မသိရသေးပါဘူး။ ကောလာဟလတွေအတိုင်း ဒီလထဲမှာပဲကြေညာမယ်ဆိုရင်တော့ လာမယ့်ရက်တွေအတွင်း အရေးပါတဲ့အချက်အလက်တွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina