အွန်လိုင်းဘုရင်တစ်ပါးဖြစ်တဲ့ Amazon ဟာ နှစ်ပေါင်းများစွာ ဖန်တီးလာတဲ့ ဂိမ်းနှစ်ခုကို ၂၀၂၀ မှာ ချပြပြီး အများမေတ္တာခံယူဖို့ ပြင်ဆင်ထားပေမယ့် ပထမဆုံး မိတ်ဆက်ခဲ့တဲ့ Crucible ဂိမ်းဟာ ဝေဖန်မှုတွေ များပြားခဲ့တာကြောင့် အချိန်တိုအတွင်း Closed Beta အဖြစ်မှ ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။

အခုလည်း နောက်ထပ်မိတ်ဆက်ရမယ့် Open-World MMO အမျိုးအစား New World ဂိမ်းကို ဩဂုတ် ၂၅ ရက်နေ့မှာ မိတ်ဆက်မယ့်အစား ၂၀၂၁ ခုနှစ် နွေရာသီ ဆိုတဲ့ မရေရာတဲ့ အချိန်တစ်ခုကို ထပ်မံရွှေ့ဆိုင်းလိုက်ရပါတယ်။ ဒီကြေညာချက် ကတော့ Crucible ဂိမ်းကို ပြန်လည်ရုပ်သိမ်းပြီး နှစ်ပတ်တောင် မပြည့်သေးခင် ထွက်လာတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။

New World ဖန်တီးသူအဖွဲ့ကတော့ သူတို့ဟာ ပိုမိုကျယ်ပြန့်တဲ့ ပရိသတ်ဆီကို ရောက်ရှိနိုင်အောင် ရည်ရွယ်ထားတဲ့ Feature နဲ့ Content အသစ်တွေ ထပ်ထည့်ချင်တယ်လို့ ဆိုထားပါတယ်။ ကုမ္ပဏီက ကစားသူတွေကို စွဲလမ်းပျော်ရွှင်စေတဲ့ Gameplay မျိုးပေးနိုင်ဖို့အတွက် အပြည့်အဝ မိတ်မဆက်ရသေးခင်မှာ ဖြည့်စွက်ချင်တာလေးတွေ ရှိနေလို့ဆိုပြီး အကြောင်းပြချက်ပေးထားပါတယ်။

အများစုက နောက်နှစ်ထိစောင့်ရမှာဖြစ်ပေမယ့် Early Access အခွင့်အရေးလည်း ရှိပါသေးတယ်။ တကယ်လို့ ဇူလိုင် ၉ ရက်နေ့မတိုင်ခင် Beta ကို Sign Up လုပ်ထားရင် ဒါမှမဟုတ် ဂိမ်းကိုကြိုတင်ဝယ်ယူထားရင် ဒါမှမဟုတ် လက်ရှိ Alpha Tester ဖြစ်နေခဲ့ရင် ဩဂုတ် ၂၅ ရက်နေ့မှာ New World ဂိမ်းကို မြည်းစမ်းဆော့ကစားကြည့်နိုင်ဦးမှာပါ။

New World ရဲ့ နှောင့်နှေးမှုဟာ Amazon ကနေ ကတိပေးထားတဲ့ Pac-Man Live Studio ကိုလည်း သွားထိခိုက်နိုင်ပါတယ်။ Pac-Man Live Studio ဆိုတာကတော့ Amazon ပိုင်တဲ့ Twitch ပလက်ဖောင်းပေါ်မှာ တိုက်ရိုက်ကစားနိုင်မယ့် Pac-Man ဂိမ်းဗားရှင်းပါ။ Bandai Namco နဲ့ပူးပေါင်းထုတ်လုပ်ထားတဲ့ ဒီဂိမ်းကို ဇွန်လမှာ ရမယ်လို့ ပြောခဲ့ပေမယ့် အခုထိ “Coming Soon” လို့ပဲ ဆိုထားပါတယ်။

Ref – The Verge