iPhone X ဟာ အမြင့်ပေ ၁ သောင်း ၁ ထောင်ကနေပြုတ်ကျခဲ့ပေမဲ့ Survived ဖြစ်ခဲ့တယ်လို့ Diamond Aviators forums မှာ လေယာဉ်မှူးတစ်ဦးက ရေ:သားဖော်ပြခဲ့ပါတယ်။ ယုံချင်မှယုံဆိုပေမဲ့ ဒီသတင်းက iPhone fan တွေကြားမှာတင်မကဘဲ ကမ္ဘာ့မီဒီယာတွေရဲ့ စာမျက်နှာအတော်များများထက်မှာပါ ရေပန်းစားသွားပါတော့တယ်။

လေယာဉ်မှူးဟာ သူ့ရဲ့ Diamond DA40 လေယာဉ်ကို Colorado Springs ကနေ Atlanta ဆီပျံသန်းစဉ်မှာ လေယာဉ်ဦးခန်းအမိုးရဲ့ ပျံသန်းနေတုန်း ဖွင့်နိုင်တဲ့ ပြတင်းပေါက်လေးကတစ်ဆင့် iPhone X နဲ့ တိမ်ဆိုင်တိမ်လိပ်တွေကို ဓါတ်ပုံရိုက်ယူဖို့ ပြုလုပ်ရင်း ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ အမြင့်ပေ 11,500 မှာ 175mph ဝန်းကျင်နဲ့ ပျံသန်းနေတာကြောင့် လေစုပ်အားများပြီး iPhone က လေယာဉ်အပြင်ဘက်ကို ရောက်သွားတာ ဖြစ်ပါတယ်။

လေယာဉ်ဟာ Atlanta မှာဆင်းသက်ပြီးတဲ့နောက်၊ လေယာဉ်မှူးက သူ့ရဲ့အရံအဖြစ်ဆောင်ထားတဲ့ iPhone 6S ကတစ်ဆင့် Find My app ကိုသုံးပြီး iPhone X ကို ခြေရာခံခဲ့တယ်လို့ ဆိုပါတယ်။ အနီးအနားက Cell tower တွေကတစ်ဆင့် ပြုတ်ကျသွားတဲ့ iPhone ရဲ့ တည်နေရာကို ခြေရာခံနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ထူထဲတဲ့ပဲပုပ်ခင်းထဲမှာ Otterbox case ထဲက သူ့ရဲ့ iPhone X ကို ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။

ပေတစ်သောင်းကျော်အမြင့် လေယာဉ်ပေါ်ကနေ ပဲပုပ်ခင်းထဲကို ပြုတ်ကျခဲ့တယ်ဆိုပေမဲ့ သူ့ရဲ့ Device ဟာ ဖုန်မှုန့်တွေပေနေတာကလွဲရင် အကောင်းအတိုင်းပြန်တွေ့ရတယ်လို့ ဆိုပါတယ်။ ပါဝါချိတ်ဆက်ပြီး အားပြန်သွင်းတဲ့အခါ သူ့ရဲ့ iPhone X ဟာ မျှော်လင့်ထားတဲ့အတိုင်း အလုပ်လုပ်နေပြီး နောက်ရက်တွေမှာလည်း ဒီအတိုင်းဆက်သုံးလို့ရနေတယ်လို့ ဆိုပါတယ်။

iPhone X မြေပြင်နဲ့မထိတွေ့ခင်မှာလည်း ပြုတ်ကျလာတဲ့အလျင်ဟာ 200mph ဝန်းကျင်ရှိနိုင်တယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ ရှေ့ဘက်ရော၊ ကျောဘက်မှာပါ ဖန်သားတွေပါရှိတဲ့ ဒီဟန်းဆက်ကို အကောင်းပကတိပြန်ရတယ်ဆိုတာက မယုံနိုင်စရာ ပုံပြင်တစ်ပုဒ်အဖြစ်၊ အံ့အားသင့်စရာ ပုံပြင်တစ်ပုဒ်အဖြစ် ကျော်ကြားလာတာကတော့ အမှန်ပါပဲ။

Ref: MacRumors