Apple ရဲ့ အရွယ်သေး iPhone SE မျိုးဆက်သစ် သတင်းတွေ ပေါက်ကြားထွက်ပေါ်နေတာ တော်တော်ကြာပါပြီ။ အခုလည်း iPhone SE မျိုးဆက်သစ်ရဲ့ သတင်းတစ်ပုဒ် တက်လာပါတယ်။ Apple ဟာ iPhone SE 3 ကို ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ကြေညာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Apple ဟာ ပါတနာ ဖြစ်တဲ့ Xintec ကနေ iPhone SE 3 အတွက် Chip တွေ ထုတ်လုပ်ပေးမယ့် ကုမ္ပဏီတွေကို ရှာဖွေနေတယ်လို့ သတင်းထွက်လာပါတယ်။

Xintec ဟာ ထုတ်ကုန် အရည်အသွေး စမ်းသပ်တဲ့ လုပ်ငန်းအတွက် တာဝန်ယူထားပြီး TSMC ရဲ့ လက်အောက် ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။ Xintec ဟာ ပထမဆုံး iPhone SE နဲ့ iPhone SE (2020) အတွက် အစိတ်အပိုင်းများကို ထုတ်လုပ်ပေးခဲ့ပြီး Apple ရဲ့ ကာလရှည်ကြာ မိတ်ဖက် ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။

Apple အရေး လေ့လာဆန်းစစ်တဲ့ လူတွေထဲမှာ နာမည်ကြီးတဲ့ Ming-Chi Kuo ကလည်း Apple ဟာ iPhone SE မျိုးဆက်သစ်ကို ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ ရောင်းချမယ်လို့ အရင်က သတင်းပေးထားတဲ့အတွက် အခု သတင်းအသစ်နဲ့ တူညီနေပါတယ်။

iPhone SE 3 ရဲ့ ဒီဇိုင်းကို ခန့်မှန်းရေးဆွဲထားတဲ့ ဓါတ်ပုံတွေ ဒီနှစ် အစောပိုင်းက ထွက်ပေါ်လာခဲ့ပြီး မျက်နှာပြင်ဘေးဘောင်တွေ အရမ်းကို ပါးလွှာသွားတာတွေ့ရပါတယ်။ မျက်နှာပြင်အထက်အလယ်မှာ Punch-Hole Selfie ကင်မရာ ၁ လုံး တပ်ဆင်ထားတာ တွေ့ရတဲ့အတွက် ရုပ်ဆိုးတဲ့ Notch ကြီးကြီးတွေ မပါလာတော့ပါဘူး။ အနောက်ဘက်မှာလည်း ကင်မရာ ၁ လုံးပဲ ထည့်သွင်းထားပြီ ၅.၄ လက်မ OLED မျက်နှာပြင် တပ်ဆင်ထားမယ်လို့ သိရတဲ့အတွက် မူလ iPhone SE ထက် ပိုကြီးလာမှာပါ။

ref : gsmarena