အခုခေတ်မှာ ChatGPT လို Artificial Intelligence (AI) နည်းပညာတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အကူအညီတွေ အများကြီးပေးနေတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ AI တွေကို အလွန်အကျွံ အားကိုးသုံးစွဲတာက လူတွေရဲ့ မှတ်ဉာဏ်၊ ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်စွမ်းနဲ့ ဦးနှောက်ရဲ့ လှုပ်ရှားတက်ကြွမှုကိုပါ ကျဆင်းစေနိုင်တယ်လို့ နာမည်ကျော် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT) ရဲ့ လေ့လာမှုအသစ်တစ်ခုက ထောက်ပြလိုက်ပါတယ်။
MIT က သုတေသီတွေဟာ ကျောင်းသား ၅၄ ယောက်ကို လေးလကြာ အနီးကပ် စောင့်ကြည့်လေ့လာခဲ့တာပါ။ အဲဒီလေ့လာမှုမှာ ဦးနှောက်ရဲ့ လျှပ်စစ်လှိုင်းတွေကို တိုင်းတာတဲ့ EEG စက်တွေသုံးပြီး AI အသုံးများတဲ့ ကျောင်းသားတွေရဲ့ ဦးနှောက်လှုပ်ရှားမှုကို ဆန်းစစ်ခဲ့ကြပါတယ်။
လေ့လာမှုရဲ့ ရလဒ်တွေကတော့ စိုးရိမ်စရာကောင်းပါတယ်။ AI ကို မကြာခဏသုံးတဲ့ ကျောင်းသားတွေဟာ ကိုယ်ပိုင်ဖန်တီးမှု အားနည်းတဲ့ စာအရေးအသားတွေပဲ ထွက်လာတာကို တွေ့ခဲ့ရပါတယ်။ ပိုဆိုးတာက သူတို့ကိုယ်တိုင် AI အကူအညီနဲ့ ရေးသားခဲ့တဲ့အကြောင်းအရာတွေကိုတောင် ပြန်မမှတ်မိနိုင်ဘဲ ဖြစ်နေတာပါပဲ။
သုတေသီတွေက ဒီအခြေအနေကို “စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုမရှိဘဲ ထိုင်းမှိုင်းသွားတဲ့ အခြေအနေ (mental passivity)” လို့ သုံးနှုန်းထားပြီး၊ AI မသုံးဘဲ ကိုယ့်ဘာသာကိုယ် အလုပ်လုပ်တဲ့ အချိန်တွေမှာတောင် အဲဒီလို ထိုင်းမှိုင်းမှုက ရှိနေတုန်းပဲလို့ ဆိုပါတယ်။ ဒါဟာ AI ကို အသုံးမပြုတဲ့ အချိန်မှာတောင် လူရဲ့ စဉ်းစားတွေးခေါ်မှုပုံစံကို အဲဒီနည်းပညာက ဆက်ပြီး လွှမ်းမိုးနေတယ်ဆိုတဲ့ အချက်ကို ပြနေတာပါ။
ဒါကြောင့် ဒီလေ့လာမှုကနေ ကောက်ချက်ချထားတာကတော့ AI ဟာ လူသားရဲ့ အတွေးအခေါ်ကို အစားထိုးဖို့ မဟုတ်ဘဲ အထောက်အကူပေးတဲ့ ကိရိယာတစ်ခုအနေနဲ့ပဲ သုံးသင့်တယ်ဆိုတာပါပဲ။ AI ကို အားကိုးလွန်းရင် ကိုယ့်အတွေးအခေါ်တွေပဲ မှန်တယ်ထင်ပြီး တခြားအမြင်တွေကို လက်မခံနိုင်တဲ့ အတွေးအခေါ် ပုံစံခွက်ထဲမှာ ပိတ်မိသွားစေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ဒါကြောင့် AI ရဲ့ အကူအညီကို ယူတဲ့တစ်ချိန်တည်းမှာ ကိုယ့်ရဲ့ဦးနှောက်ကိုလည်း လေ့ကျင့်ပေးနေဖို့ မမေ့သင့်ကြောင်း ဒီလေ့လာမှုက မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။
Ref : Feedy Fast Story