Apple က ပြီးခဲ့တဲ့ နှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလ အတွင်းမှာ iPhone 11 ရောင်းအား အရမ်းကောင်းခဲ့ပါတယ်။ အခုတော့ ကိုရိုနာဗိုင်းရက်စ်က Apple ကို မွှေတော့မှာပါ။ လေ့လာဆန်းစစ်သူ Ming-Chi Kuo က ဗိုင်းရက်စ်ကြောင့် ဒီနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလနဲ့ မတ်လအတွင်းမှာ iPhone ရောင်းအား ကျသွားနိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။

သူက ပထမ ကွာတားမှာ iPhone ရောင်းအား ၁၀ ရာခိုင်နှုန်း ကျဆင်းသွားနိုင်ပြီး အလုံးရေ ၃၆ သန်းကနေ သန်း ၄၀ လောက်ပဲ ရောင်းချရနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဗိုင်းရက်စ် စတင် ကူးစက်တဲ့ ဝူဟန်က Foxconn ရဲ့ စက်ရုံမှာ iPhone ကင်မရာနဲ့ တခြား အစိတ်အပိုင်းတွေကို ထုတ်လုပ်နေပေမယ့်  Foxconn ကတော့ ဗိုင်းရက်စက်ကြောင့် iPhone ထုတ်လုပ်မှုကို မထိခိုက်ဘူးလို့ ပြောထားပါတယ်။

လက်ရှိ ရောင်းချထားတဲ့ iPhone မော်ဒယ်တွေကိုသာမကဘဲ မတ်လမှာ ရောင်းချဖို့ စီစဉ်ထားတဲ့ iPhone 9 (iPhone SE 2) ထုတ်လုပ်တာကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။ iPhone 9 ကို ဒီလထဲမှာ စတင် ထုတ်လုပ်နေပြီလို့ သတင်းထွက်နေပါတယ်။ AirPods လို Apple Accessories တွေကိုလည်း အကျိုးသက်ရောက်မှာပါ။

ဗိုင်းရက်စ် ကူးစက်မှာ စိုးတဲ့အတွက် တရုတ်က Apple Stores တွေကို ဒီ ၁ ပတ် အကုန်ထိ ပိတ်ထားပါတယ်။ Kuo က ဗိုင်းရက်စ်ကြောင့် တရုတ် နှစ်သစ်ကူး အပြီး ရောင်းအားဟာ အရင်နှစ်ကထက် ၅၀ ကနေ ၆၀ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ တွက်ချက်ထားပါတယ်။

Ref : gsmarena