Google ကနေ နှစ်စဥ် Update ထုတ်ပေးနေကြ Android OS Version အသစ်ဖြစ်တဲ့ Android 11 ကို Developer Preview အနေနဲ့ Pixel ဖုန်းတွေအတွက် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Developer Preview ထွက်ရှိတဲ့အချိန်က မနှစ်တုန်းကထက် ၁ လလောက်ကို ပိုပြီးမြန်ဆန်လာတာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခု Android 11 Developer Preview 1 မှာ အသစ်ပြောင်းလဲပါဝင်လာတဲ့ Feature အသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Better 5G Connectivity

Android 10 မှာ 5G Network ကို အသုံးပြုနိုင်တယ်ဆိုပေမယ့်လည်း Android 11 မှာ 5G ကို အကောင်းဆုံးပိုပြီး Support ပြုလုပ်လာနိုင်တော့မှာပါ။ Android 11 မှာ Connectivity APU တွေကို Update ပြုလုပ်ထားပြီး 5G Network မှာ Latency နဲ့ Network Speed တွေပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် Metered နဲ့ Unmetered Connection တွေကို သိရှိနိုင်ပြီဖြစ်တဲ့အတွက် Data သုံးစွဲမှုကိုလည်း ပိုပြီးထိရောက်စွာထိန်းချုပ်နိုင်မှာပါ။

More Screens Support

Android 11 မှာ လက်ရှိရေပန်းစားနေတဲ့ Display တွေဖြစ်တဲ့ Punch-hole နဲ့ Waterfall Display တွေကို Platform Level အနေနဲ့ စတင် Support ပြုလုပ်လာပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ Display အတွက် သီးသန့် API တွေကို ပြုလုပ်နေစရာမလိုတော့ပါဘူး။

Notification

Android 11 ဟာ Notification ပိုင်းမှာလည်း ပြောင်းလဲမှုတွေအများအပြားရှိလာမှာဖြစ်ပြီး အကြီးမားဆုံးတစ်ခုကတော့ Bubbles Feature ပါဝင်လာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Messaging App တွေအကုန်လုံးကို Messenger Chat Head ပုံစံ Bubble အနေနဲ့ အသုံးပြုနိုင်မှာပါ။ ဒါတင်မဟုတ်သေးဘဲ Notification Reply မှာလည်း ဓါတ်ပုံတွေကို Copy/Paste ပြုလုပ်နိုင်ပြီး Notification History ကိုပါ ပြန်လည်ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

Privacy & Permissions

Permission ပိုင်းမှာတော့ Application တွေက Device Location သို့ Camera လိုမျိုး Permission Access တောင်းတယ်ဆိုရင် While Using the App နဲ့ Deny အပြင် တစ်ကြိမ်ပဲ Allow ပြုလုပ်ပေးနိုင်တဲ့ Only This Time Feature ပါဝင်လာပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Deny ကို ၂ ကြိမ်နှိပ်လိုက်မယ်ဆိုရင် အဆိုပါ App အတွက် Permission ကို လုံးဝ ပိတ်ချလိုက်မှာလည်းဖြစ်ပါတယ်။ Google Play System Update မှာလည်း Permission နဲ့ Privacy အတွက် Update ပြုလုပ်နိုင်တဲ့ Module အသစ် ၁၂ ခုကို ထည့်သွင်းထားပါသေးတယ်။

Screen Recording & Dark Theme

Android 11 မှာ Screen Recording ကို Quick Setting ကနေ အသုံးပြုနိုင်ပြီဖြစ်ပြီး Dark Theme ကိုလည်း On နဲ့ Off အပြင် နေဝင်တဲ့အချိန်မှာ Dark Theme ကို ပြောင်းပြီး နေထွက်လာတာနဲ့ Dark Theme ကို ပြန်ပိတ်အောင် လုပ်တဲ့ Option အသစ်တစ်ခုပါဝင်လာပြီဖြစ်ပါတယ်။

Google Pixel 4 နဲ့ 4XL ဖုန်းတွေမှာဆိုရင်လည်း သီချင်းတွေကို Pause ပြုလုပ်နိုင်တဲ့ Gesture အသစ်အပြင် Screen Protector နဲ့အသုံးပြုတဲ့အချိန် Touch Sensitivity ကို ပိုကောင်းအောင်လုပ်ပေးတဲ့ Feature တစ်ခုပါဝင်လာပါတယ်။

ဒီ Android 11 Developer Preview ကို စမ်းသပ်ချင်တယ်ဆိုရင်တော့ Google Pixel 2 ၊ Pixel 3 ၊ Pixel 3a နဲ့ Pixel 4 ဖုန်းတွေမှာ အသုံးပြုနိုင်ပြီဖြစ်ပြီးတော့ Google ရဲ့ Schedule အရ Developer Preview ၃ ခုကို မေလမတိုင်ခင် ထုတ်ပေးသွားမှာဖြစ်ပြီး မေလကနေ ဇူလိုင်အတွင်းကို Beta Version ၃ ခုနဲ့ Stable Update ကိုတော့ လာမယ့် ဇူလိုင်လကုန်ပိုင်းမှာ ထုတ်ပေးသွားမှာဖြစ်ပါတယ်။

Ref – GSM Arena